T1D အချက်အလက်

Icon

ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ

ကျွန်ုပ်တို့အကြောင်း

စိတ်ကျန်းမာရေးနဲ့ အမျိုးအစား ၁ ဆီးချိုရောဂါ

တည်းဖြတ်ချက်များ 27.06.2025

Nashy Saeng-Xuto

HelloType 1 Freelance Translator and Reviewer

၁။ စိတ်ကျန်းမာရေးနဲ့ အမျိုးအစား ၁ ဆီးချိုရောဂါကြားက ဆက်နွယ်မှု

အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ဘဝကို စီမံနေထိုင်ဖို့က အရင်ထက်တော့ ပိုခက်ခဲနိုင်ပါတယ်။

ဒီရောဂါရဲ့ နာတာရှည်အခြေအနေက ကိုယ့်ကိုယ်ကို ပုံမှန်ဂရုစိုက်စောင့်ရှောက်မှု လိုအပ်ပါတယ်။

ဒီအချက်ကြောင့် စိတ်ဖိစီးမှု ဖြစ်လာဖို့လွယ်ပါတယ်။

ဒါပေမယ့် တစ်ချိန်လုံး စိတ်ဖိစီးနေရတာက စိတ်ကျန်းမာရေးအတွက် မကောင်းသလို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ပိုဆိုးလာစေနိုင်ပါတယ်။

စိတ်ဖိစီးနေတဲ့အခါ ခန္ဓာကိုယ်က စိတ်ဖိစီးမှုကို တုံ့ပြန်တဲ့ဟော်မုန်းတွေထွက်လာပြီး အသည်းကနေ သကြားဓာတ်ထုတ်စေပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါ ရှိနေရင် သွေးတွင်းသကြားဓာတ်ပိုများနေတဲ့အတွက် ဒီပမာဏကို ဖြေရှင်းဖို့ အင်ဆူလင်တွေ ပိုလိုအပ်လာပါလိမ့်မယ်။

သင့်ရဲ့ စိတ်ကျန်းမာရေးက ရုပ်ကျန်းမာရေးကို သက်ရောက်မှုရှိလာစေပြီး အဲဒီကနေ တစ်ဖန် စိတ်ကျန်းမာရေးကို ပြန်သက်ရောက်စေတဲ့ ပြောင်းပြန်သံသရာကို ဖြစ်သွားစေနိုင်ပါတယ်။

ဒီဆောင်းပါးမှာ စိတ်ဖိစီးမှုသံသရာကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေနဲ့အတူ စိတ်ကျန်းမာရေးနဲ့ အမျိုးအစား ၁ဆီးချိုရောဂါရဲ့ သက်ရောက်မှုတွေအကြောင်းကို လေ့လာနိုင်ပါလိမ့်မယ်။

၂။ ဘာတွေကြောင့် စိတ်ဖိစီးစေနိုင်သလဲ။

အမျိုးအစား ၁ဆီးချိုရောဂါရှိသူတွေ ကြုံတွေ့ရတဲ့ မတူညီတဲ့ စိတ်ပိုင်းဆိုင်ရာ အပိုင်းတွေကို လေ့လာကြည့်ရအောင်။

ဆီးချိုရောဂါရှိသူအတော်များများက သူတို့ရဲ့ရောဂါကို ဘယ်လိုစီမံရမလဲ၊ နောက်ဆက်တွဲပြဿနာတွေကို ဘယ်လိုရှောင်ရမလဲဆိုတာ စိုးရိမ်ပူပန်နေနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ်ပမာဏကို အမြဲမပြတ်စောင့်ကြည့်ပြီး အင်ဆူလင်ထိုးဆေးတွေ၊ အစားအသောက် ဂရုတစိုက်ပြင်ဆင်မှုတွေနဲ့ သွေးတွင်းသကြားဓာတ်ကို ချိန်ညှိနေရတာက ဘယ်သူ့ကိုမဆို စိတ်ဖိစီးစေနိုင်ပါတယ်။

ဖြစ်လာတဲ့အရာတွေကို လက်မခံချင်တာ၊ စိတ်မကောင်းတာ၊ ကိုယ့်ကိုယ်ကို ဒေါသထွက်တာတွေက သင့်ကို စိတ်ဖိစီးတာတွေပဲ ဖြစ်လာစေပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုလက်မခံနိုင်တာ၊ တခြားသူကို အပြစ်တင်တာတွေနဲ့ စိုးရိမ်ပူပန်စိတ်တွေလိုမျိုး မကောင်းတဲ့ စိတ်ခံစားချက်တွေက ကျွန်တော်တို့ရဲ့ ခွန်အားတွေကို ဆုတ်ယုတ်သွားစေပြီး အမျိုးအစား ၁ဆီးချိုရောဂါကြောင့် ကိုယ်စိတ်ချုံးချုံးကျခြင်း ဒါမှမဟုတ် စိတ်ကျန်းမာရေးပြဿနာတွေအထိပါ ဖြစ်လာစေနိုင်ပါတယ်။

ဆီးချိုရောဂါကြောင့် ကိုယ်စိတ်ချုံးချုံးကျခြင်းက ဘယ်လောက်ဆိုးနိုင်သလဲဆိုတာကို သုတေသီတွေက ပြောပြကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေဟာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာနဲ့ ခံစားချက်ဆိုင်ရာ ကျန်းမာရေးကို သိပ်ဂရုမစိုက်နိုင်ကြလို့ပါပဲ။ ပြီးတော့ အမျိုးအစား ၁ဆီးချိုရောဂါဆိုတာ အမြဲတမ်း ရပ်တန့်နေမှာ မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ချစ်ပေးတာက ကိုယ့်ကိုယ်ကို မကောင်းမြင်နေတဲ့ အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေအတွက် ခက်ခဲနေနိုင်ပါတယ်။ တခြားသူတွေနဲ့ ချိတ်ဆက်ရတာ၊ ကျန်းမာအောင် နေထိုင်ရတာ၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နဲ့ စကားပြောရတာတွေက ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

၃။ ခံစားချက်ပိုကောင်းစေဖို့ စိတ်ကျန်းမာရေးနဲ့ အမျိုးအစား ၁ဆီးချိုရောဂါဆိုင်ရာ လက်တွေ့အကြံပြုချက် ၈ ချက်

(၁) ခဏနားပါ။ ကိုယ့်ရောဂါကို လျစ်လျူရှုထားလို့မရပေမယ့် တစ်ခါတစ်လေ ခွန်အားချွေတာဖို့ ခဏတော့ ကိုယ့်ကိုယ်ကို အနားပေးသင့်ပါတယ်။

(၂) ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ အာရုံထားပါ။ ကိုယ်နှစ်သက်တဲ့ အလုပ်တွေကိုလုပ်ဖို့ ကိုယ့်ကိုယ်ကို အချိန်ပေးပါ။ စိတ်ထဲမှာ ကျန်းမာရေးနဲ့ပတ်သက်လို့ စိုးရိမ်နေတာတွေ ပေါ့သွားပါလိမ့်မယ်။

(၃) သွေးတွင်းသကြားဓာတ်အခြေအနေကို သေချာသိရအောင် ပိုပြီးစစ်ဆေးပါ။ သွေးတွင်းသကြားဓာတ်က ကျနေလား၊ အလယ်အလတ်လား ဒါမှမဟုတ် တက်နေလားဆိုတဲ့ ဒေတာတွေ ကိုယ့်မှာ ပိုများလေ သွေးတွင်းသကြားဓာတ်အခြေအနေကို ပိုသိရလေဖြစ်ပါတယ်။

ဒါက သင့်ကို စိတ်ဖိစီးစေနိုင်တယ်ဆိုရင် ဝန်ထုပ်ဝန်ပိုးကိုလျှော့ချနိုင်မယ့် ရွေးချယ်စရာတွေအတွက် သင့်ကျန်းမာရေးအဖွဲ့နဲ့ စကားပြောကြည့်နိုင်ပါတယ်။ တစ်ယောက်ယောက်နဲ့ စကားပြောရုံလေးက သင့်ရဲ့စိတ်ကျန်းမာရေးပြဿနာတွေအတွက် တကယ်အထောက်အကူဖြစ်နိုင်ပါတယ်။

(၄) အဆက်အသွယ်မပြတ်ပါစေနဲ့။ သင်စိတ်ဖိစီးနေတဲ့အကြောင်းကို သင့်မိသားစုနဲ့ သူငယ်ချင်းတွေကို စကားပြောပြီး ရင်ဖွင့်တာက စိတ်ကျန်းမာရေးနဲ့ ဆီးချိုရောဂါနဲ့ပတ်သက်ပြီး ခံစားချက်ပိုကောင်းစေနိုင်ပါတယ်။ ဒီလိုနည်းနဲ့ သင်နဲ့ အမျိုးအစား ၁ ဆီးချိုရောဂါကို ဘယ်လိုထောက်ပံ့ပေးရမယ်ဆိုတာ သင်ချစ်ခင်ရသူတွေကို သိသွားစေနိုင်ပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့တခြားသူတွေက အင်ဆူလင်ထိုးဖို့နဲ့ အစားအချိန်မှန်စားဖို့ သတိပေးပေးပါလို့ သူတို့ချစ်ခင်ရသူတွေကို အကူအညီတောင်းကြပါတယ်။ နောက်တစ်နည်းကတော့ သူများကို အမြဲအားကိုးမနေချင်ဘူးဆိုရင် သင့်ဖုန်းထဲမှာ သတိပေးချက်တွေ သတ်မှတ်ထားဖို့ပါပဲ။

(၅) အပြောင်းအလဲသေးသေးလေးတွေ လုပ်ပါ။ သင့်ရဲ့နေ့စဉ်ဘဝမှာ အသေးစား အပြောင်းအလဲတွေ လုပ်ဖို့ သင့်ဆရာဝန်တွေနဲ့ သူနာပြုတွေကို အကူအညီတောင်းနိုင်ပါတယ်။

စိတ်ဖိစီးမှုလျော့စေဖို့ အမျိုးအစား ၁ ဆီးချိုရောဂါဆိုင်ရာ နည်းပညာ (အင်ဆူလင်ပန့်တွေသုံးတာ ဒါမှမဟုတ် စဉ်ဆက်မပြတ် သွေးတွင်းသကြားဓာတ် စောင့်ကြည့်မှု စနစ်သုံးတာ) တွေလို တခြားရွေးချယ်မှုတွေကို သူတို့ကအကြံပေးလာရင်တော့ ပိုကောင်းတာပေါ့။

(၆) သင့်အမြင်ကို ပြောင်းလဲပါ။ သင့်မှာ အမျိုးအစား ၁ ဆီးချိုရောဂါရှိလာတဲ့အခါ တချို့အရာတွေကို လက်လျှော့ကောင်း လက်လျှော့ခဲ့ရပါလိမ့်မယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့လက်လျှော့ထားခဲ့တဲ့ အရာတွေက နည်းနည်းအကျိုးပေးပြီးပျော်ရွှင်ရတဲ့အချိန်တွေလည်း ရှိပါတယ်။

ဥပမာ စိတ်ကျေနပ်မှုရအောင် သရေစာမုန့် ဒါမှမဟုတ် အချိုမုန့် နည်းနည်းစားချင်တယ်ဆိုရင် စားလိုက်ပါ။

သွေေးတွင်းသကြားဓာတ်ကို စစ်ဆေးဖို့၊ လိုအပ်သလောက် အင်ဆူလင်ထိုးဖို့နဲ့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ လုပ်ဖို့တော့ မမေ့ပါနဲ့။

(၇) ဆက်သွယ်ပါဝင်ပါ။ အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့သူတွေရဲ့ လူ့အသိုက်အဝန်းတွေ ဒါမှမဟုတ် အွန်လိုင်းဖိုရမ်တွေကို ရှာကြည့်တာက သင့်ကို အထီးကျန်စိတ်လျော့နည်းစေဖို့၊ အသစ်အသစ်တွေကို သင်ယူနိုင်ဖို့၊ ထောက်ပံ့အားပေးမှုကို ခံစားမိစေဖို့နဲ့ ရှေ့ဆက်သွားဖို့ ခွန်အားတွေရရှိစေဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။ လူတွေနဲ့ စကားပြောခြင်းက သင့်စိတ်ကျန်းမာရေးနဲ့ အမျိုးအစား ၁ဆီးချိုရောဂါကို ပိုပြီးကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိုင်စေပါတယ်။

(၈) ကုထုံး အကူအညီယူပါ။ အရာရာတိုင်းကို ကိုင်တွယ်ဖြေရှင်းဖို့ သိပ်အဆင်မပြေသေးဘူးဆိုရင် ဆရာဝန်၊ စိတ်ပညာရှင်၊ စိတ်ရောဂါအထူးကု၊ တိုင်ပင်ဆွေးနွေးသူ၊ လူမှုဝန်ထမ်း ဒါမှမဟုတ် ကုထုံးပညာရှင်တစ်ယောက်နဲ့ စကားပြောကြည့်တာကောင်းပါတယ်။ သင့်ကို စိတ်ကျန်းမာရေးပြဿနာတွေကနေ လွတ်မြောက်အောင် သူတို့က သင့်ကို အကောင်းဆုံး ကူညီပေးနိုင်ပါလိမ့်မယ်။

သူတို့က ဒီကြမ်းတမ်းတဲ့ခရီးလမ်းကို သင်ကျော်ဖြတ်နိုင်ဖို့ ကူညီပေးပြီး ဆီးချိုရောဂါကို ရင်ဆိုင်နိုင်မယ့် အကောင်းဆုံးနည်းလမ်းတွေ ပေးပါလိမ့်မယ်။

ဘဝရဲ့စိတ်ဖိစီးစရာတွေကို ရင်ဆိုင်ဖို့ဆိုတာ သင်အရင်က ကြုံတွေ့ဖူးတာတွေထက် ပိုကြီးမားတဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းရတာပါ။

စိန်ခေါ်မှုအများဆုံးဖြစ်ပေမယ့် အကောင်းဆုံးဖြစ်တဲ့နည်းလမ်းကတော့ သင့်ရဲ့ အမျိုးအစား ၁ဆီးချိုရောဂါကို လက်ခံလိုက်ပြီး ချစ်ခင်ပေးလိုက်ဖို့ပါ။

၄။ မလွယ်ကူပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်ပါ။

အမျိုးအစား ၁ ဆီးချိုရောဂါကို အောင်မြင်စွာ စီမံထိန်းညှိထားသူတွေဟာ အမျိုးအစား ၁ ဆီးချိုရောဂါက သူတို့ကို သန်မာစေတဲ့ မမြင်နိုင်တဲ့အရာတစ်ခုလို သတ်မှတ်ပြီး ပင်ပန်းခက်ခဲချိန်တွေနဲ့ ကျရှုံးချိန်တွေကို ကျော်ဖြတ်ဖို့ စိတ်ပိုင်းဖြတ်ထားကြတာဖြစ်နိုင်ပါတယ်။

လွယ်တော့ မလွယ်ကူနိုင်ပါဘူး။ အောင်မြင်ဖို့အတွက် အချိန်၊ အားထုတ်မှုနဲ့ အရေးအကြီးဆုံးက သင့်ရဲ့ရောဂါအခြေအနေကို လက်ခံပြီး နားလည်ထားဖို့လိုပါတယ်။

"ထပ်ခါထပ်ခါ စိတ်ဖိစီးခံရတာက ခက်ခဲပြီး ပင်ပန်းပေမယ့် အားပြန်ဖြည့်ပြီး ပိုကောင်းလာတာလည်း ဖြစ်နိုင်ပါတယ်။

"

အမျိုးအစား ၁ ဆီးချိုရောဂါရှိတာကို လက်ခံလိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ ဆီးချိုအတက်အကျတွေကို သည်းခံလွတ်မြောက်နိုင်မယ့် အချိန်ကောင်းတစ်ခု ရှိလာပါလိမ့်မယ်။

စိတ်ဖိစီးစရာဖြစ်ရပ်တွေ ဖြစ်လာတော့မယ်အချိန်ကို ကျွန်တော်တို့ သိနေတယ်ဆိုရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ ပိုပြီးသေချာလေ့လာနိုင်ပါတယ်။ ဖွံ့ဖြိုးမှုအတွက် ကြိုးပမ်းပြီး အောင်မြင်မှုကိုရရှိလာဖို့ ဖြစ်နိုင်ပါတယ်။

ဒီလောက်ဆို လုံလောက်ပါပြီ။ သင်အောင်မြင်မှာပါ။ ကိုယ့်ကိုယ်ကို ယုံကြည်လိုက်ပါ။

Icon ရှင်းလင်းချက်