T1D အချက်အလက်

Icon

ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ

ကျွန်ုပ်တို့အကြောင်း

အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ သင့်ကလေးကို အမှီအခိုကင်းလာစေရန် လမ်းညွှန်ပေးခြင်း

တည်းဖြတ်ချက်များ 18.06.2025

Yong Xuan Ooi

HelloType1 Coordinator Malaysia, A4D

၁။ လက်တွေ့လုပ်ရင်းနဲ့ သင်ယူစေခြင်း

မိဘတစ်ယောက်ဖြစ်ရတာ အရင်တည်းက မလွယ်ကူဘူးဆိုပေမယ့် သင့်ကလေးမှာ အမျိုးအစား ၁ ဆီးချိုရောဂါရှိနေတယ်ဆိုရင် အရာရာက ပိုခက်ခဲပြီး စိတ်ဖိစီးစရာပိုများနိုင်ပါတယ်။

မိဘတွေ၊ ပြုစုစောင့်ရှောက်သူတွေနဲ့ အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ ကလေးတွေအနေနဲ့ အမျိုးအစား ၁ ဆီးချိုရောဂါကို စီမံထိန်းညှိရာမှာ အတူလုပ်ဆောင်ဖို့လိုပါတယ်။

ကလေးတွေကြီးပြင်းလာပြီး အရာရာကိုယ့်ဘာသာလုပ်နိုင်ဖို့ သင်ယူလာချိန်မှာ မိဘတွေအနေနဲ့ သူတို့ကို ကူညီပေးဖို့နဲ့ ကာကွယ်ပေးဖို့ ရှိနေသင့်ပါတယ်။

ဆိုလိုတာက ကလေးကို ကြီးပြင်းလာတာနဲ့အမျှ အရာရာ ကိုယ့်ဘာသာလုပ်ခွင့် ပိုရစေဖို့ နည်းပေးလမ်းပြ၊ ကူညီပေးပြီး သင်ပြပေးဖို့ပါ။ ဒါကို ဆီးချိုရောဂါဆိုင်ရာ အမှီအခိုကင်းခြင်းလို့လည်း သိကြပါတယ်။

ဒီလုပ်ငန်းစဉ်ကို ချောချောမွေ့မွေ့ပြီးစီးသွားစေဖို့ သင့်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ထောက်ပံ့ပေးသူတွေနဲ့ ရေရှည်ခံမယ့်ပန်းတိုင်တွေ သတ်မှတ်ဖို့လည်း အရေးကြီးပါတယ်။

ဒီဆောင်းပါးမှာ အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ကလေးတွေ ကိုယ့်ဘာသာကိုယ် လုပ်ရပိုလွယ်ကူစေဖို့ မိဘတွေ လုပ်ပေးလို့ရမယ့်အရာတွေကို ဖော်ပြမှာဖြစ်ပါတယ်။

၂။ ဆီးချိုဆိုင်ရာ အမှီအခိုကင်းမှုကို တည်ဆောက်ဖို့ အသက်အရွယ်အလိုက် တာဝန်တွေ စောစောပေးပါ

သင့်ကလေးရဲ့အသက်အရွယ်နဲ့ ကြီးပြင်းမှုအဆင့်ကို ထည့်တွေးပြီး ဆီးချိုရောဂါစီမံထိန်းညှိမှု တာဝန်တွေ ဖြည်းဖြည်းချင်း ပေးသွားပါ။

သူတို့ရဲ့ အသက်မှာ လက်ခံနိုင်လောက်တဲ့ တာဝန်တွေ စပေးပြီး အချိန်ကြာလာမှ ဖြည်းဖြည်းချင်း တိုးပေးပါ။

စစချင်းတော့ သွေးတွင်းသကြားဓာတ်စောင့်ကြည့်ပစ္စည်းတွေ အနားမှာ ယူပေးဖို့ ဒါမှမဟုတ် သူတို့ပစ္စည်းတွေကို စီစဉ်ပေးဖို့ တာဝန်ပေးနိုင်ပါတယ်။ သူတို့ အဆင်ပြေလာတာနဲ့ မှန်ကန်တဲ့ အင်ဆူလင်ပမာဏတွက်ချက်တာတွေကို ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ရဲ့ ကြီးကြပ်မှုအောင်မှာ သူတို့ကိုပေးလုပ်နိုင်ပါတယ်။

သူတို့အတွက် သက်သောင့်သက်သာဖြစ်လာတာနဲ့အမျှ အင်ဆူလင်ကို ကိုယ်တိုင်ထိုးကြည့်ဖို့ ပြောပြပါ။ ဒီလိုလုပ်ခိုင်းခြင်းက သူတို့တွေ ကြီးပြင်းလာတာနဲ့အမျှ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ အတွေ့အကြုံပိုရစေတာကြောင့် ဆီးချိုရောဂါဆိုင်ရာအမှီအခိုကင်းမှုကို တည်ဆောက်နိုင်စေပါတယ်။

သင့်ကလေးတွေကို ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိစေဖို့အတွက် ပြဿနာတွေဖြေရှင်းရာမှာ သူတို့ကိုယုံကြည်ပြီး အတူလုပ်ဆောင်ပေးဖို့ လိုပါတယ်။ ဒါဟာ ဆီးချိုရှိတဲ့ကလေးကို အမှီအခိုကင်းစေဖို့ သင်ပြပေးတဲ့ နည်းလမ်းတစ်ခုပါပဲ။

၃။ သရုပ်ဆောင်ပြခြင်းနဲ့ ဖန်တီးမှုကောင်းသော မှတ်တမ်းသွင်းခြင်း

သင့်ကလေးကို သရုပ်ဆောင်ကစားနည်းတွေကတစ်ဆင့် စွမ်းဆောင်ရည်မြှင့်တင်ပေးပါ။ သင့်ကလေးက ဆီးချိုအသိပညာပေးသူ ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုပေးသူအဖြစ် သရုပ်ဆောင်ပြီး သင် သို့မဟုတ် သူတို့ကို ပြုစုစောင့်ရှောက်သူတစ်ယောက်ယောက်က အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ကလေးအဖြစ် သရုပ်ဆောင်နိုင်ပါတယ်။

ဒါဟာ သင့်ကလေးကို သင်ယူနိုင်ဖို့၊ ယုံကြည်မှုရရှိစေဖို့၊ ဆီးချိုရောဂါဆိုင်ရာ အမှီအခိုကင်းမှုကို တည်ဆောက်နိုင်ဖို့၊ အမျိုးအစား ၁ ဆီးချိုရောဂါကို ရင်ဆိုင်ပုံနဲ့ပတ်သက်ပြီး ပိုမိုသိရှိစေဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

သင့်ကလေးက ကိုယ့်ရဲ့စိတ်ကူးစိတ်သန်းကို အသုံးပြုမယ်ဆိုရင် အမျိုးအစား ၁ ဆီးချိုရောဂါကို ပိုပြီးကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

သင်လုပ်ပေးလို့ရမယ့် နောက်တစ်ခုက ကလေးရဲ့ သွေးတွင်းသကြားဓာတ်မှတ်တမ်းကို မှတ်တမ်းစာအုပ်၊ ဂျာနယ် ဒါမှမဟုတ် ပုံကပ်ဗလာစာအုပ်နဲ့ ကူလုပ်ပေးဖို့ပါ။

သူတို့အနေနဲ့ ရုပ်ပုံတွေထည့်ခြင်း၊ နေ့စဉ်ဖြစ်ပျက်ခဲ့တဲ့ ကောင်းတာ၊ မကောင်းတာတွေအကြောင်းကို စာရေးသားခြင်းတို့နဲ့ စိတ်ကြိုက်စီစဉ်နိုင်ပါတယ်။ သူတို့ရဲ့ သွေးတွင်းသကြားဓာတ်ပမာဏတွေ ဘယ်လိုပြောင်းလဲသွားသလဲဆိုတာနဲ့ မနက်ဖြန်မှာ ဘယ်လိုပြောင်းလဲလိုက်လို့ရမလဲဆိုတာကိုလည်း သိသွားနိုင်ပါတယ်။

သူတို့လိုအပ်တာကို ပြောနိုင်ပြီး ဖွံ့ဖြိုးလာတာကိုမြင်ရတာ သူတို့ကိုယ်တိုင်နဲ့ ပတ်သက်တဲ့ ခံစားချက်ကို ပိုကောင်းစေပါတယ်။

၄။ ထောက်ပံ့ကူညီရေးဂရုများနဲ့ ကမ့်ပ်အဖွဲ့များ

သင့်ကလေးကို အွန်လိုင်း သို့မဟုတ် အိမ်နီးချင်းအထောက်အပံ့အဖွဲ့တွေမှာ ပါဝင်စေပြီး အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ တခြားကလေးတွေ သို့မဟုတ် ဆယ်ကျော်သက်တွေနဲ့ မိတ်ဖွဲ့နိုင်အောင် ကူညီပေးပါ။

ဘဝသူတွေနဲ့ တွေ့ဆုံခြင်းက သူတို့အတွက် အထီးကျန်စိတ်ကို လျော့နည်းစေပြီး ပိုပြီးစိတ်အားတက်ကြွလာစေနိုင်ပါတယ်။ အွန်လိုင်းမှာ ဂရုတွေကို ရှာဖွေရင်းနဲ့ ဒါကိုသင်သိနိုင်ပါတယ်။ သင့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ကို မေးမြန်းတာလည်း အထောက်အကူဖြစ်နိုင်ပါတယ်။

ဒီနည်းနဲ့ သင်နဲ့သင်ကလေးဟာ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေကို ရနိုင်၊ ပေးနိုင်ပြီး နားလည်သူတွေနဲ့ အရေးကြီးအတွေ့အကြုံတွေကို မျှဝေနိုင်ပါတယ်။

ဆီးချိုရောဂါ ကမ့်ပ်တွေဟာ လူအသစ်တွေနဲ့တွေ့ဆုံစေပြီး တစ်သက်တာကြာရှည်မယ့် ဆက်သွယ်မှုတွေလုပ်နိုင်မယ့် နေရာကောင်းတစ်ခုပါ။

ထောက်ပံ့အားပေးတဲ့ နေရာအနေအထားတစ်ခုမှာ ကမ့်ပ်အတွင်း ပျော်စရာလှုပ်ရှားမှုတွေလုပ်ရင်း အမျိုးအစား ၁ ဆီးချိုရောဂါကို ကိုင်တွယ်ထိန်းညှိရတာက ကလေးရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကို တိုးစေပြီး သူ့ရဲ့ကျန်းမာရေးအတွက် ကိုယ့်တာဝန်ကိုယ်ယူနိုင်စွမ်း ရှိလာစေနိုင်ပါတယ်။

၅။ တစ်သမတ်တည်းဖြစ်ခြင်းနဲ့ အပြောင်းအလဲအသစ်တွေကို လိုက်လျောညီထွေရှိခြင်း

သင့်ကလေးရဲ့ ဘဝကို ပုံမှန်အဖြစ် ထိန်းသိမ်းပေးခြင်းဆိုတာ တင်းကျပ်မှုနဲ့ အပြောင်းအလဲကို လမ်းဖွင့်ပေးခြင်းကြားက မှန်ကန်တဲ့ရောစပ်မှုကို ရှာဖွေတာပါပဲ။ အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ နေ့စဉ်ဘဝအကြောင်းကို အကောင်းဆုံးနည်းလမ်းနဲ့ ဘယ်လိုပြောမလဲဆိုတာ သင့်ကလေးကို မေးပါ။

အစပိုင်းတော့ အင်ဆူလင်ထိုးခြင်း၊ သွေးတွင်းသကြားစစ်ဆေးခြင်းနဲ့ ကာဗိုဟိုက်ဒရိတ်ရေတွက်ခြင်းတို့လိုအရာတွေကို မိဘတွေက လုပ်ပေးပေမယ့် အချိန်ကြာလာတဲ့အခါ ဒီတာဝန်တွေကို ဆီးချို‌ရောဂါဆိုင်ရာအမှီအခိုကင်းလာတဲ့ ကလေးတွေဆီ ပေးလို့ရပါပြီ။

သူတို့လိုအပ်တဲ့အချိန်မှာ ရှိနေပေးပြီး ကလေးကို လွတ်လပ်ခွင့်ကို မြှင့်တင်ပေးပါ။ ကောင်းတဲ့အချိန်တွေဖြစ်စေ၊ မကောင်းတဲ့အချိန်တွေဖြစ်စေ သူတို့ရဲ့အနောက်မှာ တစ်ယောက်ယောက်ရှိတယ်ဆိုတာက သူတို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ စိတ်သက်သာမှုဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ ကလေးတွေကို ကိုယ့်ရောဂါကိုယ် ဂရုစိုက်နိုင်လာအောင် သင်ပြပေးတာက အချိန်၊ ကြင်နာမှု၊ စိတ်ရှည်သည်းခံမှုနဲ့ မိဘတွေဆီက အထောက်အပံ့တွေလိုအပ်တဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။

အမှီအခိုကင်းအောင် အားပေးခြင်းက မိဘတွေအနေနဲ့ ကလေးတွေကို ဆီးချိုရောဂါ ကိုင်တွယ်ဖြေရှင်းနိုင်စေရုံတင်မကဘဲ အရေးကြီးတဲ့ ဘဝစွမ်းရည်တွေကိုပါ သင်ယူစေနိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

ပန်းတိုင်ကတော့ အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ကလေးတွေကို တာဝန်ယူနိုင်ပြီး စွမ်းဆောင်ရည်ရှိတဲ့ သူတွေဖြစ်လာအောင် ကျန်းမာပျော်ရွှင်တဲ့ဘဝတွေ ပိုင်ဆိုင်နိုင်အောင် ကူညီပေးဖို့ဖြစ်ပါတယ်။

Icon ရှင်းလင်းချက်