
T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
စိတ်ဖိစီးမှုနဲ့ ကိုယ်စိတ်ချုံးချုံးကျခြင်းက အမျိုးအစား ၁ ဆီးချိုရောဂါအပေါ် ဘယ်လိုသက်ရောက်နိုင်သလဲ
တည်းဖြတ်ချက်များ 18.06.2025
နေ့စဉ်ဘဝမှာ ပါဝင်လှုပ်ရှားရတာက ပျော်စရာရော စိတ်ဖိစီးမှုကိုပါ ယူဆောင်လာပါတယ်။
ဘဝကိုဖြတ်သန်းရတာ မတူညီတဲ့ လိုအပ်ချက်တွေ၊ စိတ်ဖိစီးမှုတွေနဲ့ စိတ်ပျော်ရွှင်မှုတွေရဲ့ စက်ဝိုင်းသံသရာလိုပါပဲ။
အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဘဝက ပိုတောင်ရှုပ်ထွေးသွားပြီး ဆီးချိုအတက်အကျမုန်တိုင်းကြားမှာ အားကုန်သုံးပြီးဖြတ်သန်းဖို့ လိုလာနိုင်ပါတယ်။
အမျိုးအစား ၁ ဆီးချိုရောဂါဟာ နေ့တိုင်း စီမံထိန်းညှိဖို့လိုတဲ့ နာတာရှည်ရောဂါပါ။ လုပ်ရမယ့်တာဝန်တွေအများကြီးရှိနေတာက သင့်ကိုစိတ်ရှုပ်စေပြီး စိတ်ဖိစီးစေပါတယ်။ စိတ်ဖိစီးမှုက သွေးထဲက သကြားဓာတ်ပမာဏကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။
စိတ်ဖိစီးမှုနဲ့ အမျိုးအစား ၁ဆီးချိုရောဂါရဲ့သက်ရောက်မှုတွေကို ရင်ဆိုင်ရတဲ့အခါ သင့်ဘဝမှာ ဟန်ချက်ညီအောင်ထိန်းရတာ လွယ်ကူမှာတော့မဟုတ်ပါဘူး။
အမျိုးအစား ၁ ဆီးချိုရောဂါ ကို တစ်ချိန်လုံး ဂရုစိုက်နေရတာဟာ ခက်ခဲပင်ပန်းနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ဖိစီးမှုကို ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေကို ထည့်သွင်းစဉ်းစားရတာကြောင့်ပါ၊
သွေးတွင်းသကြားဓာတ်ကို သက်ရောက်စေနိုင်တဲ့ စိတ်ဖိစီးစရာတွေထဲမှာ သွေးတွင်းသကြားဓာတ်ကို ဂရုတစိုက် စီမံထိန်းညှိရတာ၊ အင်ဆူလင်ကိစ္စ စီမံလုပ်ဆောင်ရတာနဲ့ အစားအသောက်ပြင်ဆင်ရတာတွေ ပါဝင်ပါတယ်။
ဒါ့အပြင် ကျွန်တော်တို့တွေက ကိုယ်ပါဝင်ရတဲ့အခန်းကဏ္ဍကို အခြေခံပြီး ဘဝရဲ့ တောင်းဆိုချက်တွေကို ရင်ဆိုင်ဖြေရှင်းပြီး ထိန်းညှိရသလို အပြောင်းအလဲတွေအတွက် နေရာပေးဖို့ စီမံရပါတယ်။
ဒီထဲမှာ ကျွန်တော်တို့ရဲ့ ကျောင်းကိစ္စတွေ၊ အလုပ်၊ ဝါသနာတွေ၊ ဆက်ဆံရေးတွေ၊ အိမ်မှုကိစ္စတွေနဲ့ တခြားတာဝန်တွေ ပါဝင်နိုင်ပါတယ်။
သွေးတွင်းသကြားဓာတ်ပမာဏကို ရှိသင့်တဲ့ အတိုင်းအတာ (70-180 mg/dl or 4-10 mmol/L)မှာ ထိန်းထားနိုင်ဖို့ အချက်တွေအများကြီးကို ဟန်ချက်ထိန်းညှိဖို့ လိုပါတယ်။
အစားအသောက်၊ ကိုယ်လက်လေ့ကျင့်ခန်းနဲ့ စိတ်ဖိစီးမှုလိုမျိုး တိုင်းတာမရတဲ့ အကြောင်းရင်းတွေနဲ့ ဟော်မုန်းပမာဏတို့က သွေးတွင်းသကြားဓာတ်ပမာဏအပေါ် သက်ရောက်နိုင်ပါတယ်။
အမျိုးအစား ၁ ဆီးချိုရောဂါကို ခန့်မှန်းတွက်ချက်ရာမှာ တိုင်းတာမရတဲ့ အကြောင်းရင်းတွေကြောင့် ရှုပ်ထွေးစေနိုင်ပါတယ်။ သင့်ကျန်းမာရေး လိုအပ်ချက်တွေကို ခံနိုင်ရည်ရှိဖို့က ချိန်ညှိမှုတွေလုပ်ဖို့ နဲ့ လှုပ်ရှားမှုအမျိုးမျိုးတွေကြားမှာ ဟန်ချက်ညီစေဖို့လိုပါတယ်။
စိတ်ဖိစီးစရာအခြေအနေတွေကြောင့် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး ကိုယ်စိတ်ချုံးချုံးကျခြင်းကို ခံစားလာရစေတယ်ဆိုတာ သင်သိပါသလား။
စိတ်ဖိစီးတဲ့အခါ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်က အက်ဒရီနယ်လင်းနဲ့ ကော်တီဆော ဟော်မုန်းတွေကို အလိုအလျောက်ထုတ်ပေးပါတယ်။ ဒါကို "fight or flight" syndrome (တိုက်ခိုက်မလား ဒါမှမဟုတ် ထွက်ပြေးမလား ဆိုတဲ့တုံ့ပြန်မှုလက္ခဏာစု) လို့ခေါ်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုများလွန်းတာနဲ့ အမျိုးအစား ၁ဆီးချိုရောဂါတို့ဟာ ကောင်းတဲ့ပေါင်းစပ်မှုတော့ မဟုတ်ပါဘူး။
ဒီဟော်မုန်းတွေကြောင့် သွေးတွင်းသကြားဓာတ်ပမာဏကို ယာယီ မြင့်တက်စေနိုင်ပါတယ်။ (ဒါက ကျွန်တော်တို့ကို 'တိုက်ခိုက်'ဖို့ စွမ်းအင်ပေးတာလည်း ဖြစ်ပါတယ်။)
(၁) စားသောက်ပုံအလေ့အကျင့်တွေ ပြောင်းလဲခြင်း။ လူတစ်ယောက်က စိတ်ဖိစီးနေရင် စားသောက်ပုံအလေ့အကျင့်တွေ ပြောင်းလဲသွားနိုင်ပါတယ်။ ပုံမှန်ထက် ပိုစားရင်စားမယ် ဒါမှမဟုတ် ပိုနည်းရင်နည်းနိုင်တယ်၊ တစ်ခါတစ်လေ အလွန်အကျူးဖြစ်တတ်ပါတယ်။
တချို့က သွေးတွင်းသကြားဓာတ်ကို မြန်မြန်တက်စေမယ့် ကာဗိုဟိုက်ဒရိတ်မြင့်မားတဲ့ အစားအသောက်တွေကို စားပြီး စိတ်ဖိစီးမှုရဲ့ သက်ရောက်မှုတွေကို ဖြေရှင်းကြပါတယ်။ ဒါဟာ အမျိုးအစား ၁ ဆီးချိုရောဂါ စီမံထိန်းညှိမှုအတွက် မကောင်းပါဘူး။
(၂) အမျိုးအစား ၁ဆီးချိုရောဂါနဲ့ဆိုင်တဲ့ ပုံမှန်လုပ်နေကျတွေမှာ ပြောင်းလဲခြင်း။ အမျိုးအစား ၁ ဆီးချိုရောဂါ ရှိသူတွေမှာ စိတ်ဖိစီးစရာ ဖြစ်ရပ်တွေကြောင့် ဆေးတွေသောက်ဖို့မေ့တာ ဒါမှမဟုတ် သွေးတွင်းသကြားဓာတ် ပမာဏကို စောင့်ကြည့်ဖို့မေ့တာတွေ ပိုဖြစ်လေ့ရှိပါတယ်။ ဒီအချက်တွေကြောင့် သွေးတွင်းသကြားဓာတ် ပမာဏ အတက်အကျမငြိမ်တဲ့ပြဿနာ ဖြစ်လာစေနိုင်ပါတယ်။
(၃) အိပ်စက်ပုံ ပြောင်းလဲခြင်း။ အလုပ်လုပ်ရတာ များလွန်းတဲ့အခါ နေ့စဉ်ပုံမှန်လုပ်နေကျတွေကို မလုပ်ဖြစ်တော့ပါဘူး။ ဒီလိုကနေ အိပ်ရေးပျက်တဲ့အခါ အင်ဆူလင်တုံ့ပြန်နိုင်စွမ်းနဲ့ သွေးတွင်းသကြားဓာတ်ပမာဏမှာ သက်ရောက်မှုရှိစေနိုင်ပါတယ်။
(၄) လှုပ်ရှားမှုအတိုင်းအတာ ပြောင်းလဲခြင်း။ လေ့ကျင့်ခန်းတွေကို အရင်ကလောက် လုပ်ဖို့ အချိန်မရတော့တာမျိုး ဖြစ်နိုင်ပါတယ်။
ကျွန်တော်တို့ ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့အခါ အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်းပိုနည်းလာပါတယ်။ ဆိုလိုတာက အကြံပြုထားတဲ့ သွေးတွင်းသကြားဓာတ်အတိုင်းအတာအတွင်း ရှိနေစေဖို့ အင်ဆူလင်ကို ပိုပြီးများများလိုအပ်လာပါတယ်။ ဒီကနေ အင်ဆူလင်ကို ခံနိုင်ရည်ရှိလာစေပြီး သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းဖို့ ပိုခက်လာစေပါတယ်။
အမျိုးအစား ၁ ဆီးချိုရောဂါ ရှိတဲ့ စိတ်ဖိစီးစရာဘဝဟာ ဆီးချိုကြောင့် စိတ်ဖိစီးမှု၊ စိတ်ကျခြင်းနဲ့ ကိုယ်စိတ်ချုံးချုံးကျခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အမျိုးအစား ၁ဆီးချိုရောဂါကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုနဲ့ ကိုယ်စိတ်ချုံးချုံးကျခြင်းကို ကိုင်တွယ်ဖြေရှင်းရာမှာ အကူအညီဖြစ်မယ့်နည်းလမ်းတွေရှိပါတယ်။
(၁) ကိုယ့်ကိုယ်ကို ချင့်ချိန်ပါ။ ကျန်းမာရေးနဲ့ညီတဲ့ အလေ့အကျင့်အပြောင်းအလဲအတွက် ပန်းတိုင်ထားရှိတာ ကောင်းပါတယ်။ ကိုယ့်ရဲ့ ပန်းတိုင်တွေကို လက်တွေ့ကျအောင်လုပ်ပြီး ဖြည်းဖြည်းချင်း စတင်ပါ။
လေ့ကျင့်ခန်းပိုလုပ်ချင်တယ်ဆိုရင် အားကစားသမားလို ချက်ချင်းလေ့ကျင့်ဖို့မလိုပါဘူး။ တစ်နေ့ကို နာရီဝက် လမ်းလျှောက်ချင်တယ်ဆိုရင် ၁၀ မိနစ်ကနေစပြီး တိုးလျှောက်ပါ။ ဖြည်းဖြည်းနဲ့ ထိန်းလုပ်တာ ကောင်းပါတယ်။
(၂) တစ်ခုဆို တစ်ခုပဲ လုပ်ပါ။ တစ်ခါတည်းနဲ့ အရာရာတိုင်းကို ကိုင်တွယ်ဖြေရှင်းဖို့ မလွယ်ပါ။
စိတ်ဖိစီးမှုကို လျော့စေဖို့ ကိုယ်လုပ်ရမယ့်အလုပ်တွေကို စာရင်းလုပ်ထားပြီး တစ်ကြိမ်မှာ တစ်ခုပြီးအောင်လုပ်ပါ။ ပြီးမြောက်သွားတဲ့အခါ ကိုယ့်ကိုယ်ကို ဆုချပါ။
(၃) အမျိုးအစား ၁ ဆီးချိုရောဂါ ရှိတဲ့တခြားသူတွေနဲ့ စကားပြောပါ။ စိတ်ဖိစီးမှုနဲ့ အမျိုးအစား ၁ဆီးချိုရောဂါ ရှိနေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ dedoc (www.dedoc.org) လိုမျိုး ဆီးချိုရောဂါဆိုင်ရာ အွန်လိုင်းလူ့အသိုက်အဝန်းတစ်ခုခုမှာ ပါဝင်ပြီး ကိုယ်နဲ့ အခြေအနေချင်း နားလည်သူတွေကို ရှာဖွေပါ။
သင်ပါဝင်လို့ရမယ့် ဆီးချိုရောဂါကလပ်တွေ ဒါမှမဟုတ် အချင်းချင်းထောက်ကူရေးဂရုတွေကို သင့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က သိကောင်းသိနိုင်ပါတယ်။ အမျိုးအစား ၁ဆီးချိုရောဂါရှိတဲ့ တခြားသူတွေနဲ့ သင့်အတွေးအမြင်တွေ၊ ခံစားချက်တွေကို မျှဝေတာက သင့်ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့တိုက်ပွဲတွေကို ဖြေရှင်းဖို့ အကြံဉာဏ်တွေ ရစေနိုင်ပါတယ်။
ဆီးချိုရောဂါစောင့်ရှောက်မှုဆိုတာ ခန္ဓာကိုယ်အတွက်တင်မကဘဲ စိတ်ရော ကိုယ်ပါ သင့်ကျန်းမာရေးအလုံးစုံကို ဂရုစိုက်စောင့်ရှောက်တာပါပဲ။
စိတ်ကျန်းမာရေးပြဿနာတွေကို ဂရုမစိုက်ဘူးဆိုရင် သူတို့တွေက အမျိုးအစား ၁ဆီးချိုရောဂါနဲ့အတူ အခြေအနေပိုဆိုးလာနိုင်ပါတယ်။ သတင်းကောင်းကတော့ ပိုကောင်းလာအောင် ကျွန်တော်တို့ ကြိုးစားလို့ရနိုင်တယ်ဆိုတာပါ။
ဘဝရဲ့ စိတ်ဖိစီးစရာတွေကို ရင်ဆိုင်ဖို့ဆိုတာ သင်အရင်က ကြုံတွေ့ဖူးတာတွေထက် ပိုကြီးမားတဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းရတာပါ။ သင့်မှာ အမျိုးအစား ၁ဆီးချိုရောဂါ ရှိတယ်ဆိုတာကို လက်ခံလိုက်ပြီး သူနဲ့ဘယ်လို နေထိုင်သွားမလဲဆိုတာ သင်ယူတာက အကောင်းဆုံးပါ။
နာမည်ကြီး အားကစားသမားတွေ၊ ခေါင်းဆောင်တွေနဲ့ ချန်ပီယံတချို့မှာ အမျိုးအစား ၁ ဆီးချိုရောဂါ ရှိပေမယ့် အောင်မြင်နေဆဲပဲ ဆိုတာ သင်သိပါသလား။
ဘဝမှာ အောင်မြင်နေတဲ့ ဒီပုဂ္ဂိုလ်တွေက အမျိုးအစား ၁ ဆီးချိုရောဂါကို သူတို့ကို သန်မာစေတဲ့ မမြင်နိုင်တဲ့အရာတစ်ခုလို သတ်မှတ်ပြီး ပင်ပန်းခက်ခဲချိန်တွေနဲ့ ကျရှုံးချိန်တွေကို ကျော်ဖြတ်ဖို့ စိတ်ပိုင်းဖြတ်ထားကြတာဖြစ်နိုင်ပါတယ်။
ကိုယ့်ရောဂါအခြေအနေကို လက်ခံပြီး အပြည့်အစုံသိရှိထားတာက လုပ်ဆောင်ရမယ့် အရေးကြီးဆုံးအချက်ပါ။ လွယ်တော့မလွယ်ကူနိုင်ပေမယ့်ပေါ့။
စိတ်ဖိစီးတတ်တဲ့ အလေ့အကျင့်ကို ဖျောက်ဖို့ ခက်ခဲနိုင်ပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ အမျိုးအစား ၁ ဆီးချိုရောဂါ ကို နားလည်ထားခြင်းက ဒီရောဂါခရီးလမ်းရဲ့ အတက်အကျတွေမှာ ပိုပြီးနေတတ်စေဖို့ ကျွန်တော်တို့ကို ကူညီပေးပါလိမ့်မယ်။
ခက်ခဲတဲ့အခြေအနေတွေက ဖြစ်လာနိုင်တယ်လို့ သိထားရင် ကျွန်တော်တို့ ပိုပြီးကောင်းကောင်း ကြိုတင်ပြင်ဆင်ပြီး ဖြေရှင်းလို့ရတယ်။ သင်ယူလေ့လာပြီး အောင်မြင်ဖို့ အခွင့်အလမ်းက ရှိနေပါတယ်။ မှန်ကန်တဲ့ ကိရိယာတွေနဲ့ ထောက်ပံ့မှုသာရှိရင် အောင်မြင်မှုကို ရှာဖွေနိုင်တယ်ဆိုတာ သတိရပါ။