T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ ခြေထောက်ပြဿနာ
တည်းဖြတ်ချက်များ 06.05.2026
သွေးတွင်းအချိုဓာတ်မြင့်မားခြင်းက ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို အကြီးအကျယ်ထိခိုက်ပျက်စီးစေနိုင်ပြီး သွေးလည်ပတ်မှုမကောင်းတာနဲ့ ရောဂါပိုးဝင်တာတွေ ဖြစ်စေနိုင်ပါတယ်။ အဲဒီအခါမှာ ခြေဖဝါး ပူတာ၊ ကျဉ်တာ၊ ဘာခံစားမှူမှမရဘဲထုံနေတာမျိုးတွေ ခံစားရနိုင်ပါတယ်။
တကယ်လို့ ထိရောက်တဲ့ကုသမှုမခံယူခဲ့ရင်တော့ ခြေထောက်မှာ ဒဏ်ရာရလာရင် ကောင်းကောင်းမကျက်တာမျိုး၊ ခြေထောက်တွေကလည်းထုံနေတဲ့ မိမိတို့ရဲ့ ခြေထောက်ကအနာတွေကို သတိမထားမိတာမျိုးတွေဖြစ်လာမှာပါ။ အဲဒီကနေ အနာရင်းပြီး ပိုးဝင်ကာ ခြေထောက်ဖြတ်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။
ဆီးချိုရောဂါသည်တွေအနေနဲ့ မိမိတို့ရဲ့ ခြေထောက်(ခြေဖဝါးအပါအဝင်)မှာ အောက်ပါလက္ခဏာတွေ ရှိမရှိ နေ့စဉ်စစ်ဆေးကာဆရာဝန်ထံ အကြောင်းကြားရမယ်။
- ခြေထောက်များထုံခြင်း သို့မဟုတ် အပ်စူးခံရသကဲ့သို့ ကျဉ်ခြင်း
- ခြေထောက်များ ပူခြင်း
- ခြေထောက်များ ကိုက်ခဲခြင်း
- ခြေထောက်များ ပြောင်ချောချောဖြစ်နေခြင်း
- ခြေထောက်ရှိအမွေးများ ကျွတ်ခြင်း
- ခြေထောက်၌ ခံစားမှုတစ်စုံတရာ မရခြင်း
- ခြေထောက်များ ရောင်နေခြင်း
- ခြေထောက်များ၌ ချွေးမထွက်ခြင်
- ခြေထောက်အနာများ မကျက်ခြင်း
- နားနေချိန်/လမ်းလျှောက်ချိန်တို့တွင် ကြွက်တက်ခြင်း
ဒါ့အပြင် ခြေထောက်(ခြေဖဝါးအပါအဝင်)မှာ အောက်ဖော်ပြပါ အပြောင်းအလဲတစ်ခုခုကို သတိပြုမိရင်တော့ ဆရာဝန်ထံ ချက်ချင်းဆက်သွယ်သင့်ပါတယ်။
- ခြေထောက်၏ အရောင်အဆင်းနှင့် ပုံပန်းသဏ္ဌာန် ပြောင်းလာခြင်း
- ခြေထောက်များ ပူနေခြင်း၊ အေးနေခြင်း
- ခြေထောက်၌ ရေကြည်ဖု၊ ပွန်းပဲ့ဒဏ်ရာ အစရှိသည်တို့ကို တွေ့မြင်နေရသော်လည်း ခံစားမှုတစ်စုံတရာ မရခြင်း
- ပွင့်နေသော ခြေထောက်အနာမှ အနံ့ဆိုးထွက်ခြင်း
အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေအနေနဲ့ အာရုံကြောကောင်းမကောင်း သိရှိနိုင်ဖို့ ခြေထောက်ကို တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် စစ်ဆေးသင့်ပါတယ်။
ခြေထောက်စစ်ဆေးမှုဆိုတာကတော့ ကျွမ်းကျင်တဲ့ ပညာရှင်ကနေ ခြေထောက်မှာ ထုံတာ၊ သွေးလှည့်ပတ်မှုမကောင်းတဲ့ နေရာ၊ အသားမာတက်နေတဲ့ နေရာ၊ ခြေသည်းကောင်းမကောင်းနဲ့ အခြားသောပြဿနာတွေ ရှိမရှိ စစ်ဆေးပေးတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင်သင့်မှာ ခြေထောက်ထိခိုက်နိုင်ချေ ရှိမရှိကိုလည်း ဆွေးနွေးပေးပါလိမ့်မယ်။
- မိမိ၏ သွေးတွင်းအချိုဓာတ်များကို သတ်မှတ်ပမာဏထက် မကျော်စေရန် ဂရုပြုပါ။
- မိမိခြေဖဝါးနှင့် တော်သော သက်တောင့်သက်သာရှိသောဖိနပ်ကိုသာ ရွေးချယ်စီးပါ။ ရှူးဖိနပ်ကြပ်ကြပ်များနဲ့ ဒေါက်ဖိနပ်များမစီးသင့်ပါ။
- ရောဂါပိုးမဝင်စေရန် ခြေထောက်များကို ခြောက်သွေ့သန့်ရှင်းစွာ ထားပါ။
- ခြေသည်းတိုတိုထားပါ။
- ပွန်းပဲ့ဒဏ်ရာများမရစေရန် အပြင်ထွက်လျှင် ခြေဗလာနှင့်သွားခြင်းကို ရှောင်ကြဉ်ပါ။
- တစ်နေ့လျှင် နာရီဝက်ခန့် လေ့ကျင့်ခန်းပြုလုပ်ပါ။