T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
အမျိုးအစား ၁ ဆီးချိုနဲ့ ကျောက်ကပ်ဆိုင်ရာနောက်ဆက်တွဲဆိုးကျိုးများ
တည်းဖြတ်ချက်များ 06.05.2026
ရောဂါသက်တမ်းကြာလာတာနဲ့အမျှ ဆီးချိုရောဂါဟာ ကျောက်ကပ်တွေကိုထိခိုက်လာတဲ့အခါ ခန္ဓာကိုယ်က မလိုလားအပ်တဲ့ အရည်နှင့် အဆိပ်အတောက်တွေကို စွန့်ပစ်ဖို့ ပိုမိုခက်ခဲလာပါတယ်။ ဒီလိုကျောက်ကပ်ထိခိုက်လာခြင်းဟာ သွေးချိုနဲ့ သွေးပေါင်ချိန်တက်ခြင်းတို့ကြောင့်ဖြစ်ပြီး ဆီးချိုကြောင့်ဖြစ်တဲ့ကျောက်ကပ်ရောဂါလို့ လူသိများပါတယ်။
ရောဂါအစောပိုင်းကာလတွေမှာ လက္ခဏာမပြတတ်ဘဲ အချိန်ကြာလာတဲ့အခါမှ ကျောက်ကပ်ပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။ အဲဒီအခါ ကျောက်ကပ်တွေဟာ ပုံမှန်အလုပ်မလုပ်နိုင်တော့ဘဲ ကျောက်ကပ်ဆေးဖို့ လိုအပ်လာပါတယ်။ တစ်ခါတစ်ရံမှာတော့ ပျက်စီးနေတဲ့ကျောက်ကပ်ဟာ ပြန်လည်ကုသကောင်းမွန်လာနိုင်တဲ့အတွက် ကျောက်ကပ်ရောဂါကို စောနိုင်သမျှစောစောသိရှိဖို့ အရေးကြီးပါတယ်။
ကျောက်ကပ်ရောဂါဖြစ်လာပြီဆိုရင် ရောဂါအစပိုင်းတွေမှာ လက္ခဏာ သိသိသာသာမပြတဲ့အတွက် ကျောက်ကပ်ရောဂါအတွက် စမ်းသပ်မှုတွေကို နှစ်စဉ်ပြုလုပ်ဖို့က အရေးကြီးပါတယ်။
ဆီးချိုရောဂါသည်တစ်ယောက်ရဲ့ ကျောက်ကပ်ကျန်းမာရေးကို သိနိုင်ဖို့ ဆီးထဲက အယ်ဗျူမင်လို့ခေါ်တဲ့ အသားဓာတ်နဲ့ သွေးထဲက ခရီတနင်းဓာတ်တွေကို စစ်ဆေးရမှာဖြစ်ပါတယ်။ ဒီအဖြေ ၂ခုကနေ ကျောက်ကပ်ရောဂါကို စောစောတွေ့ရှိနိုင်ပြီး ထိရောက်တဲ့ကုသမှုနဲ့ ပျက်ဆီးမှုတွေကိုလျှော့ချပေးနိုင်ပါတယ်။
ကျောက်ကပ်ရောဂါရင့်လာတာနဲ့အမျှ အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေမှာ-
- ခြေကျင်းဝတ်နှင့် ခြေလက်များ ရောင်ခြင်း
- ဆီးထဲ သွေးပါခြင်း
- ပင်ပန်းနုံးချိခြင်း
- မောခြင်းနဲ့
- နေထိုင်မကောင်းဖြစ်ခြင်း စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
ဒါတွေခံစားလာရတာဟာ ဆီးချိုရောဂါသည်ရဲ့ ကျောက်ကပ်တွေက ခန္ဓာကိုယ်ရဲ့ မလိုလားအပ်တဲ့ အရည်နဲ့ အဆိပ်အတောက်တွေကို ကြိုးစားစွန့်ထုတ်နေရတာကို ပြပါတယ်။ ဒါပေမယ့်လည်း ဒီလက္ခဏာတွေဟာ တခြားအခြေအနေတွေမှာလည်း ဖြစ်တတ်သေးတာမို့ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။
- မိမိ၏ သွေးတွင်းအချိုဓာတ်များကို သတ်မှတ်ပမာဏထက် မကျော်စေရန် ဂရုပြုပါ။
- သွေးပေါင်ချိန် မတက်အောင် ထိန်းပါ။
- သင့်အတွက် ကျန်းမာရေးနှင့် ညီညွတ်စေသော အစားအစာများကို စားပါ။
- တစ်နေ့လျှင် အနည်းဆုံး နာရီဝက်ခန့် လေ့ကျင့်ခန်းပြုလုပ်ပါ။