
T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
သွေးတွင်းအချိုဓာတ်စစ်ဆေးခြင်းအတွက် လမ်းညွှန်ချက်တွေက ဘာတွေလဲ?
တည်းဖြတ်ချက်များ 18.06.2025
သွေးတွင်းအချိုဓာတ်တိုင်းစက် (ဂလူကိုမီတာ)
ဂလူကိုမီတာဆိုတာ သယ်ဆောင်ရလွယ်ပြီး သွေးတွင်းသကြားပမာဏကို တိုင်းတာပေးတဲ့ အီလက်ထရောနစ်ကိရိယာတစ်ခုဖြစ်ပါတယ်။ စက်ထဲကို လက်ချောင်းကသွေးအနည်းငယ်ထည့်ရုံနဲ့ အဖြေကိုသိရှိနိုင်ပါတယ်။ စက်ကို ထုတ်လုပ်တဲ့ကုမ္ပဏီရဲ့ညွှန်ကြားချက်အတိုင်း စက်ထိန်းသိမ်းမှုနဲ့ အဖြေမှန်အောင်ချိန်ညှိမှုတွေ လုပ်ဆောင်ဖို့လိုပါတယ်။ ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ် မူတည်ပြီး စက်တစ်ခုနဲ့တစ်ခု လုပ်ထုံးကွဲပြားမှုအနည်းငယ်ရှိနိုင်ပါတယ်။ သင့်ရဲ့ ဂလူကိုမီတာ အသုံးပြုပုံနဲ့ သိမ်းဆည်းပုံတို့ကို စက်မှာပါတဲ့လမ်းညွှန်စာရွက် ဒါမှမဟုတ် ဆရာဝန်/သူနာပြုတို့ထံကနေ သိရှိနိုင်ပါတယ်။
သွေးတွင်းအချိုဓာတ်စစ်ဆေးသည့် အချောင်း(test strip)များ
မိမိအသုံးပြုတဲ့ ဂလူကိုမီတာအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ test strip ချောင်းများကိုသာ သုံးပါ။ Stripချောင်းတစ်ချောင်းကို စမ်းသပ်မှုတစ်ခုအတွက် တစ်ကြိမ်သာသုံးနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းအချိုဓာတ်တစ်ခါစစ်ဆေးတဲ့အခါတိုင်း strip ချောင်းအသစ်တစ်ခု လဲသုံးရမှာဖြစ်ပါတယ်။ သက်တမ်းကုန်နေတဲ့ stripချောင်းတွေကို မသုံးရပါ။ စက်ထဲမှာပါတဲ့ ညွှန်ကြားချက်အတိုင်း stripချောင်းတွေကို သိမ်းဆည်းသင့်ပါတယ်။ test stripချောင်း များကို ရေခဲသေတ္တာတွင် မသိမ်းဆည်းရပါ။
လက်ထိပ်ဖောက်ကိရိယာများနှင့် အပ်(lancet)များ
Lancet ဆိုတာ အရေပြားကနေ သွေးဖောက်ဖို့ အသုံးပြုရတဲ့ အပ်ချွန်ပါ။ ဆီးချိုရောဂါရှိသူတွေအနေနဲ့ သွေးတွင်းအချိုဓာတ်စစ်ဆေးရာမှာ လိုအပ်တဲ့သွေးကိုရရှိဖို့ လက်ထိပ်ဖောက်ကိရိယာမှာ lancet ကို တပ်ဆင်ထားရပါမယ်။
ဆီးချိုရောဂါသည်တွေအနေနဲ့ မိမိရဲ့သွေးတွင်းအချိုဓာတ်ပမာဏကို တစ်နေ့ကို အနည်းဆုံး ၄ ကြိမ် စစ်ဆေးသင့်ပါတယ်။ ဒါပေမယ့် test stripချောင်း အလုံအလောက်ရှိရင်တော့ ၆ကြိမ်အထိ စစ်ဆေးနိုင်ပြီး ရလဒ်ကို ရေးမှတ်ပြီး မှတ်တမ်းတင်ထားရမှာဖြစ်ပါတယ်။
"သွေးတွင်းအချိုဓာတ်ကို အကောင်းဆုံးတိုင်းတာနိုင်တဲ့ အချိန်တွေကတော့-
၁။ ဆီးချိုရောဂါရှိတဲ့သူတွေအနေနဲ့ အိပ်ရာနိုးပြီး နံနက်စာမစားမီ
၂။ နေ့လယ်စာမစားမီ
၃။ ညနေစာမစားမီ နဲ့
၄။ ညအိပ်ရာမဝင်မီ အချိန်တွေပဲ ဖြစ်ပါတယ်။
စမ်းသပ်စရာ test strip ချောင်းအလုံအလောက်ရှိရင်တော့-
၅။ နံနက်စာစားပြီး ၂နာရီခွဲအကြာနဲ့
၆။ နေ့လယ်စာစားပြီး ၂နာရီခွဲအကြာမှာ ထပ်မံ စစ်ဆေးနိုင်ပါတယ်။
"
ဆီးချိုရောဂါရှင်တွေအနေနဲ့ ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ (လေ့ကျင့်ခန်းမလုပ်မီ၊ လုပ်နေစဉ်နဲ့ လေ့ကျင့်ခန်းလုပ်ပြီး နာရီများစွာအကြာ)သွေးတွင်းအချိုဓါတ်အပြောင်းအလဲတွေကိုသိရှိနိုင်ဖို့၊ တစ်ခါတရံညဘက်တွေမှာ လွန်ကဲတဲ့ သွေးချိုတက်တာ/ကျတာတွေကို သိရှိနိုင်ဖို့၊ ဒါမှမဟုတ် နေထိုင်မကောင်းဖြစ်တဲ့အချိန်မှာ ဆီးချိုဆိပ်တက်တာကို ကာကွယ်ဖို့ သွေးတွင်းအချိုဓာတ်ကို ပိုမိုစစ်ဆေးဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် သွေးသကြားဓာတ်နည်းခြင်းကိုအတည်ပြုရန်နဲ့ ပြန်လည်မြင့်တက်ကောင်းမွန်လာခြင်းကိုဆန်းစစ်ရာမှာလည်း အသုံးဝင်ပါတယ်။
လွန်ကဲစွာ သွေးတွင်းအချိုဓာတ်တက်ခြင်း/ကျခြင်းတို့ကြောင့် ဆီးချိုဆိပ်တက်ခြင်းနဲ့ မေ့မြောခြင်းတို့လို အသက်အန္တရာယ်ခြိမ်းခြောက်တဲ့ ပြဿနာတွေအထိ ကြုံတွေ့ရနိုင်ပါတယ်။
"ဆီးချိုရောဂါကို အောင်အောင်မြင်မြင်ကိုင်တွယ်နိုင်ဖို့ မိမိရဲ့သွေးတွင်းအချိုဓာတ်ကို တတ်နိုင်သမျှစောင့်ကြည့်ရန်လိုအပ်ပါတယ်။ လုံလောက်တဲ့ test stripချောင်းတွေရှိရင် တစ်နေ့ကို ၆ ကြိမ်အထိ စစ်နိုင်ပါတယ်။ သွေးအဖြေတွေကို ဆရာဝန်နဲ့ ပြန်လည်ပြသရပါမယ်။ ဒါမှသာမိမိအတွက် သင့်လျော်တဲ့ကုသမှုကို ဆရာဝန်က ပြောင်းလဲထိန်းညှိပေးနိုင်ပါလိမ့်မယ်။
"
တစ်နေ့ကို သွေးအချိုဓာတ် ၆ခါစစ်ဖို့ဆိုတာ မလွယ်ကူပေမယ့် ဖြစ်နိုင်ရင် အနည်းဆုံး ၄ကြိမ် (အစာမစားခင်အချိန်တွေနဲ့ ညအိပ်ရာမ၀င်မီအချိန်မှာ) ကြိုးစားစစ်ဆေးကာ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
၁။ လက်ကိုဆေး၍ ခြောက်အောင်ပြုလုပ်ပါ။
၂။ ဂလူကိုမီတာတွင် test strip ချောင်းကိုထည့်ပါ။
၃။ လက်ချောင်းထိပ်ကို အပ်( lancet ) နှင့်ဖောက်ပါ။
၄။ စမ်းသပ်ရန် သွေးအလုံအလောက်ရသည်အထိ test strip ချောင်းပေါ်တွင် သွေးစက်ချပါ။
၅။ စက္ကန့်ပိုင်းအတွင်းမှာ အဖြေကို ရရှိပါလိမ့်မယ်။
၆။ အဖြေကို မှတ်တမ်းစာအုပ်ထဲတွင် ရေးမှတ်ပြီးမှတ်တမ်းတင်ပါ။
၇။ အသုံးပြုခဲ့သည့် test stripချောင်း နှင့် lancet များကို သင့်တော်သောဘူး (ဥပမာ ပလတ်စတစ်ပုလင်း)ထဲသို့ စွန့်ပစ်ပါ။ ဂလူကိုမီတာကို ပြန်လည်သိမ်းဆည်းပါ။
အကြံပြုချက်– သွေးကို လက်ချောင်းတစ်ချောင်းထဲမှသာ အမြဲမဖောက်ပါနှင့်။ လက်ချောင်းထိပ်၏ ဘေးဘက်များမှသွေးကို ဖောက်ယူခြင်းက နာကျင်မှုကို လျှော့ချနိုင်ပါသည်။
ပုံမှန်အားဖြင့် သွေးတွင်းသကြားဓာတ်မှာ ၄ - ၁၀ mmol/l (၇၂ - ၁၈၀ mg/dL) အတွင်းရှိပါတယ်။
-အိပ်ရာနိုးပြီး မနက်စာမစားမီအချိန်မှာ သွေးတွင်းအချိုဓာတ်ဟာ ၄ - ၇ mmol/L (၇၂ - ၁၂၆mg/dL) အကြား ရှိသင့်ပါတယ်။
အစာစားပြီးချိန်နှင့် အိပ်ရာဝင်ချိန်မှာတော့ ၅ - ၁၀ mmol/L (၉၀ - ၁၈၀ mg/dL) အကြားရှိသင့်ပါတယ်။
- ရည်မှန်းသွေးချိုပမာဏတွေဟာ လူနာတစ်ဦးချင်းစီအလိုက် ကွာခြားနိုင်တာမို့ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
သွေးတွင်းအချိုဓာတ် ၄.၀ mmmol/L (၇၂ mg/dL) အောက်တွင်ရှိပါက ၎င်းကို HYPO (ဟိုက်ပို)- သွေးချိုကျသည် ဟု သတ်မှတ်ပါ။ အသေးစိတ်ကို သွေးချိုကျခြင်းအချက်အလက်ဆိုင်ရာစာရွက်တွင် ဖတ်ရှုနိုင်ပါသည်။
တစ်ခါတရံ သွေးချိုကျသည့်လက္ခဏာများကို သွေးတွင်းအချိုဓါတ် ၄.၀ mmol/L (၇၂ mg/dL) အောက်ကောင်းကောင်းမကျပဲ တွေ့ရှိလျှင်လည်း ယင်းကို HYPO ဟိုက်ပို (သွေးတွင်းအချိုဓါတ်ကျခြင်း)ဟုသဘောထား၍ ကုသသင့်ပါသည်။
သတိပြုရန်-
- အစာမစားမီ သွေးတွင်းအချိုဓာတ် အမြဲမြင့်တက်နေပါက ယခင်ထိုးထားသော အင်ဆူလင်ပမာဏ မလုံလောက်ခြင်းကြောင့်ဖြစ်နိုင်ပါသည်။
- အစာမစားမီ သွေးတွင်းအချိုဓာတ် အမြဲကျနေပါက ယခင်ထိုးထားသော အင်ဆူလင်ပမာဏများနေခြင်းကြောင့်ဖြစ်နိုင်ပါသည်။
- အစာမစားမီ သွေးတွင်းအချိုဓာတ်သည် တစ်ခါတရံ မြင့်ပြီး တစ်ခါတရံ ကျနေပါက အင်ဆူလင်ဆေးပမာဏ ၊ မိမိစားထားသောအစာနှင့် လေ့ကျင့်ခန်းတို့ကဲ့သို့သော အကြောင်းရင်းများစွာကြောင့် ဖြစ်နိုင်ပါသည်။
ထို့ကြောင့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
HbA1c စစ်ဆေးမှုကို သင့်ဆရာဝန်က ၃လတစ်ကြိမ်ပြုလုပ်ပါလိမ့်မယ်။ စစ်ဆေးရရှိတဲ့ရလဒ်ဟာ လွန်ခဲ့တဲ့နှစ်လကနေ သုံးလအတွင်း သွေးထဲမှာရှိတဲ့ ပျမ်းမျှသကြားဓာတ်ပမာဏကို ထင်ဟပ်ပါတယ်။ ဒါကြောင့် HbA1c ပမာဏမြင့်လေ၊ သွေးတွင်းသကြားဓာတ်ထိန်းချုပ်မှုအားနည်းလေဖြစ်ပြီး ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာ ဖြစ်နိုင်ချေပိုများတတ်ပါတယ်။
မိမိရဲ့သွေးတွင်းအချိုဓာတ်ကို ကိုယ်တိုင်စောင့်ကြည့်တတ်တဲ့ အလေ့အကျင့်ရှိရင်တော့ ဆရာဝန်က HbA1c ပမာဏ ၇%အောက်ကို ထိန်းညှိထားပါလိမ့်မယ်။
လက်ရှိ သင့်ရဲ့ HbA1c က ၇.၅% ထက်ကျော်လွန်နေရင်တော့ ဒီ HbA1c ပမာဏလျှော့ချခြင်းဖြင့် ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်တယ်ဆိုတာကို နားလည်ဖို့အရေးကြီးပါတယ်။ သွေးတွင်းအချိုဓာတ်ကို မကြာခဏစစ်ဆေးတဲ့အလေ့အကျင့်လုပ်ခြင်းအားဖြင့် မိမိတို့ရဲ့ HbA1c ပမာဏကို လျှော့ချလို့ရပါတယ်။