T1D အချက်အလက်

Icon

ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ

ကျွန်ုပ်တို့အကြောင်း

သွေးချိုတက်ခြင်းကို ကုသခြင်း

တည်းဖြတ်ချက်များ 06.05.2026

Dr.Khaing Thazin Saw

Pediatrician at The 500-bedded Children’s Hospital, Naypyitaw, Myanmar

သွေးချိုတက်တယ်ဆိုတာ ဘာလဲ?

သွေးတွင်းအချိုဓာတ်ဆိုတာ သွေးထဲမှာရှိတဲ့ သကြားပမာဏဖြစ်ပါတယ်။ သွေးတွင်းအချိုဓာတ် ၁၄ mmol/L (၂၅၀ mg/dl) ထက်ကျော်လာတာကို သွေးချိုတက်တယ်လို့ခေါ်ပါတယ်။ သွေးချိုအဆမတန်တက်ခြင်းဟာ အသက်အန္တရာယ်ရှိနိုင်လို့ ချက်ချင်းဆေးကုသမှု ခံယူသင့်ပါတယ်။

ကုသမှုမခံယူခဲ့ရင်တော့ ​သွေးချိုတက်ခြင်းဟာ ပြင်းထန်လာနိုင်ပြီး သတိလစ်မေ့မြောခြင်းလို အရေးပေါ်ကုသမှုလိုအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

သွေးထဲမှာ အချိန်အကြာကြီး သကြားဓာတ်မြင့်တက်နေခြင်းက အာရုံကြောများ၊ သွေးကြောများနဲ့ အရေးပါသောကိုယ်တွင်းအင်္ဂါများကို ထိခိုက်စေနိုင်ပြီး ရုတ်တရက်နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ပျက်ခြင်း၊ မျက်စိကွယ်ခြင်း၊ အနာမကျက်ခြင်းနဲ့ ခြေထောက်ဖြတ်ရခြင်းကဲ့သို့သော ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

သွေးချိုတက်နေတာကို ဘယ်လိုသိနိုင်မလဲ?

သွေးချိုတက်ခြင်းရဲ့ လက္ခဏာတွေဟာ တစ်ယောက်နဲ့တစ်ယောက်ကွဲပြားနိုင်ပေမယ့်

အတွေ့ရများတဲ့ လက္ခဏာတွေကတော့-

- အချိန်ပြည့် ရေငတ်နေခြင်း

- အထူးသဖြင့်ညဘက်များတွင် ပို၍ဆီးသွားများခြင်း

- အမြင်အာရုံဝေဝါးခြင်း

- အချိန်ပြည့် ပင်ပန်းနေခြင်း

- အာခြောက်ခြင်း တို့ဖြစ်ပါတယ်။

သွေးတွင်းအချိုဓာတ် အဆမတန် တက်နေရင်တော့-

- ပျို့ခြင်း နှင့် အန်ခြင်း

- ဗိုက်အောင့်ခြင်း

- အသက်ရှူမမှန်ခြင်း

- အသက်ရှူရာတွင် အရက်နံ့ထွက်ခြင်းတို့ကိုပါ ခံစားရနိုင်ပါတယ်။

တစ်ခါတစ်ရံမှာ သွေးချိုအလွန်အမင်းတက်တာကြောင့် မေ့မြောတာ၊ သတိလစ်တာတို့အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အထက်ပါလက္ခဏာတွေထဲက တစ်ခုခုခံစားနေရရင် ဆေးရုံ/ဆေးခန်းကို ချက်ချင်းသွားရောက်သင့်ပါတယ်။

သွေးတွင်းအချိုဓာတ်တက်စေတဲ့ အကြောင်းများ

အမျိုးအစား ၁ ဆီးချိုရောဂါကို ကုသတဲ့နေရာမှာ အင်ဆူလင်၊ စားသောက်တဲ့ အစားအစာနဲ့ ကိုယ်လက်လှုပ်ရှားမှုပမာဏ ဒီ၃ခုကို ဟန်ချက်​အောင် ထိန်းညှိရမှာဖြစ်ပါတယ်။

ဒီ၃ခုထဲက တစ်ခုခုကို လျှော့ချလိုက်မယ်ဆိုရင် သွေးတွင်းအချိုဓာတ်ကလည်း မြင့်တက်လာမှာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် သွေးချိုတက်စေတဲ့ အကြောင်းရင်းတွေကတော့-

- အင်ဆူလင်ကို ထိုးရမည့်အချိန်မထိုးခြင်း သို့မဟုတ် ဆေးပမာဏ မှားထိုးခြင်း

- အင်ဆူလင်ကို မှန်ကန်စွာ မသိမ်းဆည်းခြင်း သို့မဟုတ် သက်တမ်းလွန်နေခြင်း

- သတ်မှတ်ထားသော အစားအသောက်ပုံစံကို မလိုက်နာခြင်း (အစာကို ခဏခဏစားခြင်း၊ သွားရည်စာများစားခြင်း)

- ကစီဓာတ်ပါဝင်မှုများသော အစားအစာများ အလွန်အကျွံစားခြင်း၊ အချိုရည်များသောက်ခြင်း

- ပုံမှန်ထက် ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း

- ရောဂါပိုးတစ်ခုခုဝင်နေခြင်း ​နေမ​ကောင်းဖြစ်​နေခြင်း သို့မဟုတ် ရာသီလာနေခြင်း

- စိတ်လှုပ်ရှားခြင်း သို့မဟုတ် စိတ်ဖိစီးမှုများခြင်း စ​သောစိတ်ခံစားမှူများ

- ပြင်းထန်သောလေ့ကျင့်ခန်းများ လုပ်နေစဉ်/လုပ်ပြီးချိန်တွင် ဖိအားများ၍ သွေးချိုတက်ခြင်း

"- ဆီးချိုဆေး၏ အာနိသင်ကျစေသည့် အခြား‌သောဆေးများကိုတွဲသောက်ခြင်း တို့ပဲ ဖြစ်ပါတယ်။

"

သွေးတွင်းအချိုဓာတ်ကို စစ်ဆေးခြင်း

ဆီးချိုရောဂါကုသမှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ သင့်ရဲ့ သွေးတွင်းအချိုဓာတ်ကို ဂလူကိုမီတာနဲ့ နေ့စဥ် အကြိမ်ကြိမ် စစ်ဆေးဖို့လိုပါလိမ့်မယ်။ ဒီလိုစစ်ခြင်းအားဖြင့် သင့်မှာ သွေးချိုတက်တဲ့ လက္ခဏာတွေ မပြရင်တောင် သွေးချိုတက်နေကြောင်း သိရှိနိုင်ပါတယ်။ သွေးချိုပုံမှန်စစ်လေ့မရှိတဲ့သူတွေမှာတော့ ကိုယ်တိုင်မသိလိုက်ခင်မှာဘဲ သွေးချိုတက်ခြင်းကြောင့် ကိုယ်ခန္ဓာ ထိခိုက်ပျက်စီး​နေတာမျိုး​တွေဖြစ်နိုင်ပါတယ်။

သင့်ရဲ့ သွေးချိုတက်နေကြောင်းတွေ့ရပါက ပုံမှန်ပြန်ဖြစ်ဖို့အတွက် ဆရာဝန်/သူနာပြုက သင့်ရဲ့ အင်ဆူလင်ဆေးပမာဏ ဒါမှမဟုတ် အစားအသောက်ပုံစံကို ပြောင်းလဲဖို့ အကြံပြုပေးပါလိမ့်မယ်။

သွေးချိုတက်နေရင် ဘယ်လိုကုသမလဲ?

သွေးတွင်းအချိုဓာတ် ၁၄ mmol/l (၂၅၀mg/dL) ထက်ကျော်လွန်နေပါက အမြန်ဆုံးကုသမှုခံယူသင့်ပါတယ်။

လိုက်နာလုပ်ဆောင်ရမယ့် အဆင့်တွေကတော့–

- သင့်သွေးအချိုဓာတ်ပမာဏကို စစ်ဆေးပြီး အာနိသင်မြန်အင်ဆူလင်ကို တစ်ကြိမ်ထိုးပါ။

- အင်ဆူလင် ဘယ်လောက်ထပ်လိုသလဲ ဒါမှမဟုတ် ဘာလုပ်ရမလဲဆိုတာ သေချာမသိပါက ဆရာဝန်/သူနာပြုကို ဆက်သွယ်ပါ။

- ရေများများသောက်ပါ။ (အနည်းဆုံး တစ်နာရီကိုတစ်ခွက်ခန့်သောက်ပါ)

- လေ့ကျင့်ခန်းပြင်းပြင်းထန်ထန် လုပ်ခြင်းကို ‌ရှောင်ကြဉ်ပါ။

- ‌နောက်ထပ် ၂နာရီအကြာတွင် သွေးချိုဓာတ် ပြန်စစ်ပါ။

- သင်၏သွေးတွင်းအချိုဓာတ်သည် ၁၄ mmol/L (၂၅၀ mg/dl) အထက်တွင် ရှိနေသေးပါက ဆရာဝန်/သူနာပြုကို ချက်ချင်းဆက်သွယ်ပါ။

သွေးတွင်းအချိုဓာတ် ၂၂ mmol/L (၄၀၀mg/dl) ကျော်ရှိပါက ပြင်းထန်စွာသွေးချိုတက်နေသဖြင့် အာနိသင်မြန်အင်ဆူလင်ကို (နေ့စဉ်ထိုးသောပမာဏစုစု‌ပေါင်း၏ ၁၀%) ချက်ချင်းထိုးပါ။ ပြီးလျှင် သင့်ဆရာဝန်/ဆေးရုံကို ချက်ချင်းဆက်သွယ်ပါ။

သွေးချိုတက်ခြင်းနဲ့ ပတ်သက်တဲ့ ဉာဏ်စမ်းမေးခွန်းတွေကို အခုပဲ ဖြေဆိုလိုက်ပါ။

Icon ရှင်းလင်းချက်