T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
သွေးချိုကျခြင်းကို ကုသခြင်း
တည်းဖြတ်ချက်များ 06.05.2026
သွေးတွင်းအချိုဓာတ်ဆိုတာ သွေးထဲမှာရှိတဲ့ သကြားပမာဏဖြစ်ပြီး ကိုယ်ခန္ဓာက လိုအပ်သောစွမ်းအင်ဖြစ်ပါတယ်။သွေးတွင်းအချိုဓာတ် အရမ်းနည်းလာခြင်းကို သွေးချိုကျတယ်လို့ ခေါ်ပါတယ်။ သွေးတွင်းအချိုဓာတ် ၄.၀ mmol/l (၇၂mg/dL) အောက် ကျဆင်းနေပါက စိုးရိမ်ရသောကြောင့် အမြန်ဆုံးဆေးကုသမှုခံယူဖို့ လိုပါတယ်။
အမျိုးအစား ၁ ဆီးချိုရောဂါသည်များအနေနဲ့ မိမိတို့ရဲ့ သွေးချိုအလွန်အမင်း တက်ခြင်း ၊ကျခြင်းများမဖြစ်အောင် မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။
သွေးချိုကျခြင်းရဲ့ လက္ခဏာတွေဟာ လူနာတစ်ဦးစီအပေါ် နှင့်သွေးတွင်းအချိုဓာတ် အလျင်အမြန်ကျဆင်းနှုန်းအပေါ်မှာ မူတည်၍ ကွဲပြားနိုင်ပါတယ်။
သွေးတွင်းအချိုဓာတ်ကျနေပြီလို့ သတိပေးနေတဲ့လက္ခဏာတွေကတော့ -
- ချွေးထွက်ခြင်း
- အလွန်အမင်း ဗိုက်ဆာခြင်း
- နှလုံးခုန်မြန်ခြင်း
- စကားကောင်းကောင်းမပြောနိုင်ခြင်း
- စိတ်တိုလွယ်နေခြင်း/ဂဏှာမငြိမ်ဖြစ်ခြင်း
- မူးဝေခြင်း
- ပင်ပန်းနုံးချိခြင်း
- အမြင်အာရုံဝေဝါးခြင်း
- အကြောင်းမရှိပဲငိုခြင်း
- ကတုန်ကယင်ဖြစ်ခြင်း တို့အပြင်
သွေးချိုဓါတ်အလွန်အမင်းကျဆင်းလာပါက တက်ခြင်း ၊ သတိလစ်မေ့မြောခြင်းအထိ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ဒီလက္ခဏာတွေပြလာတိုင်း သွေးချိုကျတာကြောင့်ပဲဟု ပုံသေ မှတ်ယူထားလို့မရနိုင်ပါ။ ဒါကြောင့် နေထိုင်မကောင်းဖြစ်တိုင်း မိမိတို့ရဲ့သွေးအချိုဓာတ်ကို အမြဲစစ်ဆေးရန်လိုအပ်ပြီး စိတ်မှန်းနဲ့ ကုသလို့ မရနိုင်ပါ။
အမျိုးအစား ၁ ဆီးချိုရောဂါရှိသူများသည် ညဘက်တွင် သွေးချိုဓာတ် ကျလွယ်တတ်ပြီး ၊ အိပ်မက်ဆိုးမက်ခြင်း၊ ချွေးအရမ်းထွက်ခြင်း၊ ကလေးငယ်များတွင် ငိုကြွေးခြင်းများ ခံစားရတတ်ပါတယ်။ ဒါ့အပြင် နိုးလာတဲ့အချိန်မှာ ခေါင်းကိုက်တာ ၊ အားနည်းပြီး ဒယီးဒယိုင်ဖြစ်တာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။
အောက်ပါအခြေအနေများမှာ သွေးချိုကျခြင်း ပိုမိုဖြစ်ပွားနိုင်ပါတယ်–
- အစာစားချိန်မှာမစားလိုက်မိခြင်းနှင့် အစားနည်းခြင်း
- အစာပို/ထပ်မစားဘဲ ပုံမှန်ထက်ပိုပြီး ပြင်းပြင်းထန်ထန်/ကြာကြာ လေ့ကျင့်ခန်းလုပ်ခြင်း
- အင်ဆူလင်ပိုထိုးမိခြင်း
- အင်ဆူလင်ကို အရေပြားထဲအစား ကြွက်သားထဲကို မှားထိုးမိခြင်း
- အစာစားချိန်၊ လေ့ကျင့်ခန်းလုပ်ချိန်တွေပေါ်မူတည်ပြီး အင်ဆူလင်ကို အချိန်ကိုက်အောင် မထိုးခြင်း
- အင်ဆူလင်ကို လေ့ကျင့်ခန်းလုပ်ချိန်တွင် အသုံးပြုမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းကိုထိုးမိခြင်း (ဥပမာ - ဘောလုံးမကစားခင် ခြေထောက်ကို ဆေးထိုးခြင်း)
- ညဘက် သွေးချိုကျခြင်း
- လေ့ကျင့်ခန်းလုပ်ပြီး နာရီအတော်ကြာမှ သွေးချိုကျခြင်း
- အရက်သောက်ခြင်းတို့ဖြစ်ပါတယ်။
အရက်သောက်ခြင်းက ကိုယ်ခန္ဓာရဲ့ သွေးအချိုဓာတ်ထိန်းညှိမှုကို ထိခိုက်စေနိုင်ပြီး ရုတ်တရက်သွေးချိုကျခြင်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရက်နဲ့ မူးယစ်ဆေးဝါးတို့ရဲ့ အန္တရာယ်တွေကို အထူးသတိထားဖို့ အရေးကြီးပါတယ်။
သွေးတွင်းအချိုဓာတ် ကျ/မကျ သေချာသိနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းကတော့ ဂလူကိုမီတာ(glucometer)- သွေးချိုတိုင်းစက် ဖြင့် စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခြေအနေအရ ဂလူကိုမီတာနဲ့ ချက်ချင်းစစ်ဆေးကြည့်ဖို့အဆင်မပြေခဲ့ရင် ရောဂါလက္ခဏာပိုမို ဆိုးရွားမလာခင် သွေးချိုကျနေတာကို ချက်ချင်းကုသဖို့ အရေးကြီးပါတယ်။
သွေးတွင်းအချိုဓာတ် ၄.၀ mmol/l (၇၂mg/dL) အောက်ရောက်နေပါက အမြန်ဆုံးကုသမှုခံယူသင့်ပါတယ်။ လိုက်နာလုပ်ဆောင်ရမယ့် အဆင့်တွေကတော့–
- သကြားရည် စားပွဲတင်ဇွန်းတစ်ဇွန်း ဒါမှမဟုတ် ချိုသောအရည် (ဥပမာ-သစ်သီးဖျော်ရည်၊ ကိုလာ) ခွက်တဝက်သောက်ပါ။ ပြီးလျှင် သွေးအချိုဓာတ်ပြန်လည်မစစ်ဆေးခင် ၁၅ မိနစ်ခန့် အနားယူပါ။
- သွေးတွင်းအချိုဓာတ်သည် ၄.၀ mmol/L (၇၂mg/dL) ထက်ကျော်လာပါက ၎င်းပမာဏကို အတည်ပြုရန် မိနစ် ၂၀-၃၀ အကြာတွင် ပြန်လည်စစ်ဆေးပါ။
- သွေးတွင်းအချိုဓာတ်သည် ၄.၀ mmol/l (၇၂mg/dL) အောက်တွင် ရှိနေသေးပါက သကြားရည် စားပွဲတင်ဇွန်းတစ်ဇွန်း ဒါမှမဟုတ် ချိုသောအရည် (ဥပမာ-သစ်သီးဖျော်ရည်၊ ကိုလာ) တစ်ခွက်ထပ်သောက်ပါ။ ပြီးလျှင် သွေးအချိုဓာတ်ပြန်လည်မစစ်ဆေးခင် ၁၅ မိနစ်ခန့် အနားယူပါ။
-သွေးတွင်းအချိုဓာတ်သည် ၄.၀ mmol/l (၇၂mg/dL) ထက် မြင့်တက်လာပါက သွေးချိုပြန်မကျသွားအောင် အချိန်ကြာကြာ သွေးတွင်းအချိုဓာတ်ကို ထိန်းထားပေးနိုင်သော အစားအစာများ(ဥပမာ-ပေါင်မုန့်တစ်လုံး၊ ဘီစကစ် နှစ်ချပ်စသည်)ကို စားသုံးပါ။
သွေးချိုကျခြင်းသည် အစာစားချိန်မတိုင်မီ (အင်ဆူလင်ထိုးလေ့ရှိသောအချိန်)တွင် ဖြစ်ပွားပါက သွေးချိုကျခြင်းကို ဦးစားပေးကုသသင့်ပြီး သွေးတွင်းအချိုဓာတ် ၄.၀ mmol/L (၇၂mg/dL) ထက်ကျော်ပါက အင်ဆူလင်ကို ပုံမှန်အတိုင်း ပေးနိုင်ပါတယ်။အင်ဆူလင်ကို မထိုးပဲမနေရပါ။
သွေးချိုကျခြင်းကို အောက်ပါနည်းများဖြင့် ကာကွယ်နိုင်ပါတယ်။
အစာစားချိန်စနစ်တကျ စားသုံးပါ။
အင်ဆူလင်နှင့်လေ့ကျင့်ခန်း ချိန်ကိုက်၍ ထိန်းညှိပါ။
သွေးချိုစစ်ခြင်းကို စဉ်ဆက်မပြတ်ပုံမှန် ပြုလုပ်ပါ။
အရက်နှင့်မူးယစ်ဆေးဝါးသုံစွဲခြင်းများမှ ရှောင်ကြဉ်ပါ။
အမျိုးအစား၁ဆီးချိုရောဂါသည်များသည်သွေးချိုကျခြင်းမကြာခဏဖြစ်ပေါ်နေပါကဆီးချိုရောဂါကုသရေးအဖွဲ့နဲ့အမြန်ဆုံးတိုင်ပင်ဆွေးနွေးကုသရမည်ဖြစ်ပါတယ်။