T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
အမျိုးအစား ၁ ဆီးချိုရောဂါသည်တွေရဲ့ စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းခြင်း
တည်းဖြတ်ချက်များ 06.05.2026
အုပ်ထိန်းသူမိဘတွေအနေနဲ့ မိမိရဲ့ကလေးမှာ အမျိုးအစား ၁ ဆီးချိုရောဂါရှိနေကြောင်း သိလိုက်ရတဲ့အခါ စိတ်ထိခိုက်ခံစားရပြီး ဘဝရဲ့စိမ်ခေါ်မှုတစ်ခုအနေနဲ့ ခံစားရလေ့ရှိပါတယ်။ ရောဂါကြောင့် ကလေးရဲ့ နေထိုင်မှုဘဝပုံစံနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့ သက်တမ်းအပေါ် ကိုပါ သက်ရောက်မှုရှိတာကို သိရှိလာတယ်။ တဆက်တည်းမှာပဲ ဒါဟာ မိသားစုတစ်ခုလုံးအပေါ်လည်း ရိုက်ခတ်မှုရှိတာကို တဖြည်းဖြည်းသဘောပေါက်လာကြပါတယ်။
ကလေးတွေရဲ့ ဆီးချိုရောဂါကို ကောင်းကောင်းစီမံကိုင်တွယ်နိုင်ဖို့ သူတို့ရဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာ၊ စားတဲ့အစားအစာ နဲ့ နေထိုင်မှုဘဝပုံစံတွေအားလုံးမှာ အပြောင်းအလဲတွေလုပ်ဖို့လိုပါတယ်။ နောက်ပြီး ဒီအပြောင်းအလဲတွေကို တစ်သက်တာလိုက်နာကျင့်သုံးရမယ်ဆိုတာကိုလက်ခံဖို့ကလည်း ခက်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေမှာ ဝမ်းနည်းတာ၊ စိတ်ဓာတ်ကျတတ်တာ သဘာဝပါပဲ။
မိမိကလေးရဲ့ ဆီးချိုရောဂါအခြေအနေနဲ့ ပတ်သက်လို့ အုပ်ထိန်းသူတွေမှာလည်း ကိုယ့်ကိုယ်ကို အပြစ်ရှိသလို ခံစားကြရပြီး ရောဂါကို တစ်နည်းနည်းနဲ့ ကာကွယ်နိုင်ခဲ့မလားလို့ တွေးတတ်ကြပါတယ်။ တချို့အုပ်ထိန်းသူတွေမှာ မိမိကလေးကို ဆေးထိုးရတာနဲ့ အစားအသောက်ပြင်ပေးရတာ တို့လို ပြုစုစောင့်ရှောက်ရတဲ့တာဝန်တွေနဲ့ ပတ်သက်ပြီး ကောင်းကောင်းနားမလည်တတ်ကြပါဘူး။ ဒါ့အပြင် မိမိကလေးငယ်မှာ ဆီးချိုရောဂါ လက္ခဏာပြနေတာကို သတိမပြုမိမှာနဲ့ ထိရောက်တဲ့ ကုသမှုမရမှာကိုလည်း စိုးရိမ်တတ်ကြပါသေးတယ်။
ဆီးချိုရောဂါရှိသူကလေးတွေကို ပြုစုစောင့်ရှောက်ရတဲ့ မိဘတိုင်း ဒီလိုဖိအားတွေကို ခံစားရတာ သဘာဝပါ။ ဒါပေမယ့် ဒီလိုခံစားရတာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ မမေ့လိုက်ပါနဲ့။ သင့်အနေနဲ့ လိုအပ်တဲ့ အကူအညီကို ဆရာဝန်၊ သူနာပြုတွေ၊ ဆွေမျိုးတွေနဲ့ မိသားစုဝင်တွေဆီကနေ အမြဲရယူနိုင်ပါတယ်။
အုပ်ထိန်းသူမိဘတွေအနေနဲ့ မိမိရဲ့ကလေးမှာ အမျိုးအစား ၁ ဆီးချိုရောဂါရှိနေကြောင်း သိလိုက်ရတဲ့အခါ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုအခက်အခဲတွေကြုံရတာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို မမေ့လိုက်ပါနဲ့။ အုပ်ထိန်းသူတွေဟာ မိမိတို့ရဲ့ ဝမ်းနည်းမှုနဲ့ စိတ်သောကရောက်မှုတွေကို ထိန်းချုပ်ရတဲ့အပြင် တစ်ချိန်တည်းမှာပဲ ဆီးချိုရောဂါခံစားနေရသူကလေးရဲ့ စိုးရိမ်ပူပန်မှုနဲ့ ဝမ်းနည်းပူဆွေးမှုကိုပါ နှစ်သိမ့်ပေးရလို့ နှစ်ဆပိုပြီးခက်ခဲနိုင်ပါတယ်။
မိမိရဲ့ ခံစားချက်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ပထမအဆင့်ကတော့ အမျိုးအစား ၁ ဆီးချိုရောဂါအကြောင်း ကိုယ်တိုင်သေချာသိအောင်လေ့လာဖို့ဖြစ်ပါတယ်။ Hello Type 1 (ဟဲလို တိုက်ပ်ဝမ်း) အစီအစဉ်ကနေ မိဘနဲ့စောင့်ရှောက်သူတွေ ဆီးချိုရောဂါကို နားလည်ဖို့နဲ့ စနစ်တကျကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့အဓိကအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ သင့်ကလေးရဲ့ ရောဂါနဲ့ပတ်သက်ပြီး သိလိုသမျှကိုလည်း ဆီးချိုရောဂါကုသစောင့်ရှောက်ရေးအဖွဲ့ဆီမှာ မေးမြန်းနိုင်ပါတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ ကုသမှုအကြောင်းကို လေ့လာသင်ယူခြင်းက သင့်ကို ရောဂါအကြောင်းပိုမိုနားလည်စေပြီး ဆီးချိုရောဂါသည်တွေကိုလည်း ရောဂါအတွက် နေ့စဥ်ဘယ်လိုစီမံကွပ်ကဲမလဲဆိုတာနဲ့ သူတို့ရဲ့စိတ်ခံစားချက်တွေကို လိုက်လျောညီထွေထိန်းသိမ်းနိုင်ဖို့အတွက်ပါ အကူအညီပေးနိုင်ပါလိမ့်မယ်။
သင့်မိသားစုဆီကလည်း အကူအညီရယူနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ မိသားစုကို မိမိရဲ့ခံစားချက်တွေအကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြခြင်းဖြင့် တခြားမိသားစုဝင်တွေဆီကလိုအပ်တဲ့အကူအညီတွေကို ရယူနိုင်ပြီး ဆီးချိုရောဂါသည်ကို ကြည့်ရှုစောင့်ရှောက်ရတဲ့တာဝန်အချို့ကိုလည်း ခွဲဝေပေးနိုင်ပါသေးတယ်။
ဆီးချိုရောဂါရှိသူကလေးကို ကူညီပေးနိုင်ဖို့ အရင်ဆုံး သူတို့၏စိတ်အခြေအနေကို နားလည်သဘောပေါက်ပြီး အုပ်ထိန်းသူတစ်ဦးအနေနဲ့ ရဲရဲဝံ့ဝံ့ဖြေရှင်းတတ်ဖို့လိုပါတယ်။
ကလေးကို ပုံမှန်စောင့်ကြည့်ပြီး သူ့စိတ်ထဲမှာခံစားနေရတဲ့ ဖိစီးမှုတွေကိုသိအောင်လုပ်ပေးပါ။ ။ သူတို့အပေါ်အာရုံထားပြီး ဆီးချိုသည်ကလေးတစ်ယောက်မှာဖြစ်နိုင်ခြေရှိတဲ့ စိတ်ဖိစီးမှုတွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့က အရေးကြီးပါတယ်။ မိမိရဲ့ စိတ်ခံစားချက်တွေကို ထုတ်မပြောသေးဘဲ သူတို့ပြောသမျှကို အရင်နားထောင်ပေးဖို့ ကြိုးစားပါ။
ရောဂါရှိသူကလေးနဲ့ စောင့်ရှောက်သူမိဘအကြားမှာ ဟန်ချက်ညီတဲ့ ဆက်ဆံရေးရှိဖို့က အလွန်အရေးကြီးပါတယ်။ မိမိကလေးရဲ့ ကျန်းမာရေးကို စိတ်ဝင်စားကြောင်း ဂရုစိုက်ကြောင်းပြတဲ့ မေးခွန်းတွေကို မေးပေးရပါမယ်။ တစ်ချိန်တည်းမှာပဲ အမျိုးအစား ၁ ဆီးချိုရောဂါရှိတာက ဘဝရဲ့ အဆုံးသတ်မဟုတ်ဘူးဆိုတာကို အလေးပေးပြောဆိုပြီး ကလေးကို စိတ်ဓာတ်ခွန်အားပေးရပါမယ်။
ကလေးတွေရဲ့ စိတ်ထဲမှာရှိနေတဲ့ အတွေးတွေ မချင့်မရဲနဲ့ရှုပ်ထွေးနေတွေကို နားထောင်ပေးပြီး တတ်နိုင်သလောက် ကူညီဖြေရှင်းပေးပါ။ ဆီးချိုအတွက်ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာလုပ်ဆောင်ခြင်းဖြင့် ပုံမှန်ဘဝတစ်ခုမှာနေနိုင်ပြီး နောင်လာမယ့်နှစ်တွေမှာလည်းအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။ ဥပမာ- ဆီးချိုရောဂါရှိသူကလေးငယ်တွေဟာ ကျောင်းနေစဉ်အရွယ်ကတည်းက အခြားသောကလေးတွေထက် ပိုမိုခက်ခဲတဲ့ဘဝကို ဖြတ်သန်းခဲ့ရလို့ တက္ကသိုလ်တက်၊ အလုပ်လုပ်ရာမှာလည်း သူများတွေထက် စိတ်ဓာတ်ပိုမိုသန်မာပြီး ဘဝရဲ့ အခက်အခဲတွေကို ကောင်းစွာ ကျော်ဖြတ်နိုင်ကြပါတယ်။
ကလေးတွေကို ကိုယ့်ကိုယ်ကို အားကိုးတတ်လာအောင်လည်း ကူညီပေးဖို့က အရေးကြီးပါတယ်။ အစပိုင်းမှာ မိမိရဲ့ ဆီးချိုရောဂါရှိသူကလေးငယ်အပေါ် အလွန်အမင်း အကာအကွယ်ပေးချင်တဲ့စိတ်ကို တွန်းလှန်ဖို့ ခက်ခဲပေမယ့် စနစ်တကျပံ့ပိုးအားပေးမယ်ဆိုရင်တော့ ကလေးတွေဟာ သူတို့ရဲ့ ဆီးချိုရောဂါအတွက် လိုအပ်တဲ့ဆေးဝါး၊ အစားအသောက်စတာတွေကို ကိုယ်တိုင်စီမံခန့်ခွဲတတ်လာပါလိမ့်မယ်။ ဒါဟာ ကလေးတွေအပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုရှိပြီး မိမိကိုယ်ကိုယုံကြည်မှုကိုလည်း မြင့်တက်စေပါတယ်။
မိသားစုဝင်တစ်ယောက်ယောက်မှာ ဆီးချိုရောဂါရှိတဲ့အခါ မိသားစုတစ်ခုလုံးအပေါ် သက်ရောက်မှုရှိလာပါတယ်။ သင့်မှာ ဆီးချိုရောဂါလိုနာတာရှည်ရောဂါမရှိတဲ့ တခြားကလေးတွေရှိမယ်ဆိုရင် ဆီးချိုရောဂါရှိသူအပေါ် ပိုဂရုစိုက်ပေးရတာကို မကျေမနပ်ဖြစ်တာမျိုးတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် မိသားစုဝင်တွေကြား တင်းမာမှုတွေမဖြစ်အောင် အခြားမိသားစုဝင်တွေကိုလည်း ပြန်လည်ဂရုစိုက်ပေးရပါမယ်။ ကျန်တဲ့မိသားစုဝင်တွေကိုလည်း အမျိုးအစား ၁ ဆီးချိုရောဂါအကြောင်းကို လေ့လာစေပြီး ရောဂါသည်ကို ကြည့်ရှုစောင့်ရှောက်ရတဲ့ တာဝန်တွေခွဲဝေပေးနိုင်ပါတယ်။ ဆီးချိုရောဂါရှိသူကို စောင့်ရှောက်ဖို့ တစ်မိသားစုလုံးက ဝိုင်းဝန်းလုပ်ဆောင်တာမျိုး ဖြစ်သင့်ပါတယ်။
"မိသားစုဝင်တွေအကြား ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ အပြုသဘောဆောင်တဲ့ အားပေးမှုတွေကြောင့် သွေးတွင်းအချိုဓာတ်ထိန်းချုပ်ရေးနဲ့ အမျိုးအစား ၁ ဆီးချိုရောဂါ ကုသရေးတို့မှာ အမှန်တကယ် တိုးတက်မှုတွေရှိလာပါတယ်။ ဒီနည်းနဲ့ အမျိုးအစား ၁ ဆီးချိုရောဂါ ခံစားနေရသူတွေဟာ သာမန်လူတွေလိုပဲ ကျန်းမာပျော်ရွှင်တဲ့ဘဝမှာ သက်တမ်းရှည်စွာနေထိုင်နိုင်ပါလိမ့်မယ်။
"