
T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
အမျိုးအစား ၁ ဆီးချိုနဲ့ မျက်စိပိုင်းဆိုင်ရာနောက်ဆက်တွဲဆိုးကျိုးများ
တည်းဖြတ်ချက်များ 18.06.2025
အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေမှာ ဆီးချိုကြောင့် မျက်စိမြင်လွှာ ပျက်စီးနိုင်ချေများပြီး ၎င်းကြောင့်အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။
သကြားဓာတ်အများအပြားဟာ သွေးထဲမှာ အချိန်အကြာကြီးရှိနေမယ်ဆိုရင် သွေးကြောတွေကို အကြီးအကျယ်ပျက်စီးစေနိုင်ပါတယ်။ အဲဒီကနေ မျက်လုံးမှာရှိတဲ့ သွေးကြောတွေကို ထိခိုက်တဲ့အခါ မျက်စ်မြင်လွှာ(ကျွန်ုပ်တို့ကို အမြင်အာရုံရစေတဲ့အစိတ်အပိုင်း)ကို သွေးကောင်းကောင်းမရောက်နိုင်ပါဘူး။
"သွေးကောင်းကောင်းမရတဲ့ မြင်လွာက သူ့ရဲ့အလုပ်ကိုလည်း ကောင်းအောင်မလုပ်နိုင်တော့ပါဘူး။ ဒီလိုဖြစ်လာခဲ့မယ်ဆိုရင်တော့ သင်ဟာ မျက်စိကောင်းကောင်းမမြင်နိုင်တော့ဘဲ မျက်စိကွယ်သွားတဲ့အထိ ဖြစ်လာနိုင်ပါတယ်။
"
ရောဂါလက္ခဏာတွေကို စောစောတွေ့ရှိခဲ့ရင်တော့ အမြင်အာရုံဆုံးရှုံးမှုကို ကာကွယ်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ အရေးကြီးဆုံးအချက်ကတော့ ဆီးချိုရဲ့နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင် သွေးတွင်းအချိုဓာတ်တွေကို ရှိသင့်တဲ့ပမာဏထက်မကျော်လွန်အောင် ဂရုစိုက်ဖို့ပဲဖြစ်ပါတယ်။ နှစ်စဉ်မျက်စိစစ်ဆေးခြင်းက မျက်လုံးနဲ့ဆိုင်တဲ့ပြဿနာတွေကို စောစောသိရှိနိုင်ပြီး မျက်စိကွယ်ခြင်းကို တားဆီးပေးနိုင်ပါတယ်။
- အတွင်းတိမ်ကြောင့် မျက်လုံးရဲ့မှန်ဘီလူးနေရာ ထူပြီးဝါးလာတဲ့အခါ အမြင်မပြတ်သားတာ၊ ညဘက်ကောင်းကောင်း မမြင်ရတာမျိုးတွေဖြစ်နိုင်ပါတယ်။
- မျက်လုံးထဲမှာ ဖိအားများလာတဲ့အခါ မြင်လွှာနဲ့ အာရုံကြောဆီကို သွေးကောင်းကောင်းမရောက်နိုင်ဘဲ ရေတိမ် စွဲကပ်နိုင်ပါတယ်။ ကုသမှုမခံယူခဲ့ရင်တော့ အချိန်ကြာလာတာနဲ့အမျှ အမြင်အာရုံကိုပါ ဆုံးရှုံးရနိုင်ပါတယ်။
- ဆီးချိုကြောင့်ဖြစ်တဲ့ မျက်စိရောဂါဆိုတာကတော့ မျက်စိမြင်လွှာထဲမှာရှိတဲ့ သွေးကြောငယ်လေးတွေ ပျက်စီးပြီး မြင်လွှာမှာ ထိခိုက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။
ဆီးချိုရောဂါသည်တစ်ဦးရဲ့ အမြင်အာရုံကောင်းမကောင်းကိုသိဖို့ အကောင်းဆုံးနည်းကတော့ မျက်စိဆရာဝန်နဲ့ မျက်စိကို စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ အမြင်အာရုံကောင်းနေရင်တောင် မျက်လုံးထဲမှာ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ ဒါဟာ မျက်မှန်တပ်ဖို့ လိုမလိုနဲ့ သက်ဆိုင်တဲ့ကိစ္စမျိုးမဟုတ်ပါဘူး။
မျက်လုံးနဲ့သက်ဆိုင်တဲ့ရောဂါတွေကို စောစောသိရှိဖို့နဲ့ အမြင်ဆုံးရှုံးမှုကို ကာကွယ်ဖို့ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိသူတွေဟာ နှစ်စဉ် မျက်လုံးစစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒါဟာ မျက်စိကျွမ်းကျင်သူတွေနဲ့ မျက်မှန်/မျက်ကပ်မှန် လိုမလို စစ်ဆေးတာနဲ့ မတူပါဘူး။
ဒါဆိုရင် ဆီးချိုရောဂါသည်တွေအတွက် မျက်စိစမ်းသပ်စစ်ဆေးတယ်ဆိုတာ ဘယ်လိုမျိုးလဲ? အဲဒါကတော့ မျက်စိဆရာဝန်က သင့်ရဲ့ မျက်လုံးတစ်ဘက်စီကို ဓာတ်ပုံတစ်ပုံစီ ရိုက်ယူပြီး မြင်လွှာမှာ အပြောင်းအလဲ ရှိမရှိနဲ့ မြင်လွှာထိခိုက်မှု ရှိမရှိတို့ကို ရှာဖွေပေးတာပဲ ဖြစ်ပါတယ်။
ရောဂါကိုစောစောတွေ့ရှိခဲ့ရင်တော့ အမြင်အာရုံ မဆုံးရှုံးရအောင် ကုသနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ နှစ်စဉ် မျက်စိစစ်ဆေးထားတဲ့အဖြေတွေကို ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။
- မိမိရဲ့သွေးတွင်းအချိုဓာတ်ကို အမြဲစစ်ဆေးပါ။
- နှစ်စဉ် မျက်စိစစ်ဆေးမှု ခံယူပါ။
- အမြင်အာရုံမှာ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲအသေးအမွှားတွေကစလို့ ဂရုပြုပါ။ (ဥပမာ - ညဘက်ကောင်းကောင်း မမြင်ရခြင်း၊ မိမိမြင်ကွင်းထဲမှာ ပုံမှန်မဟုတ်သော အစက်အပြောက်များ ပုံသဏ္ဍာန်များလိုက်ပါနေခြင်း/မြင်နေရခြင်း၊ အလင်းစူးစူးကို မကြည့်နိုင်ခြင်း)
- ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုသာစားပါ။ အချိုရည်၊ အချိုပွဲနဲ့ အာလူးကြော်တို့လို ဆီးချိုနဲ့မတည့်တဲ့ အသင့်စားအစားအစာတွေကို ရှောင်ကြဉ်ပါ။
- တစ်နေ့လျှင် အနည်းဆုံး မိနစ် ၃၀ လေ့ကျင့်ခန်းလုပ်ပါ။