T1D အချက်အလက်

Icon

ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ

ကျွန်ုပ်တို့အကြောင်း

ရောဂါတွေ့ရှိပြီးနောက်ပိုင်း စိတ်ကူးအိပ်မက်များ- အမျိုးအစား ၁ ဆီးချိုရောဂါ နဲ့အတူဖြတ်သန်းရတဲ့ Leaphy ရဲ့ ဘဝခရီးလမ်း

တည်းဖြတ်ချက်များ 06.05.2026

Anne-Charlotte Ficheroulle

Pharmacist, Education Manager, A4D

Leaphy ဟာ သူ့အသက် ကိုးနှစ်ပဲရှိသေးတဲ့ ၂၀၁၇ ခုနှစ်မှာ အမျိုးအစား ၁ ဆီးချိုရောဂါ ရှိနေကြောင်း သိရှိခဲ့တာပါ။ ဒါဟာ သူ့အတွက် ကိစ္စကြီးတစ်ခုဖြစ်သလို မမျှော်လင့်ထားတဲ့ ဘဝခရီးတစ်ခုရဲ့အစ ဖြစ်လာခဲ့ပါတယ်။ စသိသိချင်းမှာတော့ ခံစားချက်တွေ ရောထွေးနေခဲ့တယ်လို့ သူကပြောပြပါတယ်။ စိတ်ရှုပ်ထွေးရတယ်၊ ဆေးပညာအသုံးအနှုန်းတွေနဲ့ စည်းကမ်းချက်တွေကြားမှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ရပြီး သူ့ရဲ့အနာဂတ်က ဘယ်လိုဖြစ်မှာလဲဆိုတာ စိုးရိမ်ပူပန်နေခဲ့ရပါတယ်။ ဒါပေမဲ့ သူဟာ ကြောက်စိတ်ဝင်နေတဲ့ကြားကနေ သူ့ရောဂါကို ကိုင်တွယ်စီမံနိုင်ဖို့ သင်ယူလေ့လာပြီး သူစိတ်ကူးရည်မှန်းထားတဲ့ ဘဝမှာ ရှင်သန်နေထိုင်သွားဦးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဆီးချိုရောဂါကို ကိုင်တွယ်စီမံဖို့ သင်ယူရတာက မလွယ်ကူခဲ့ပါဘူး။ Leaphy ဟာ တစ်နေ့ကို အကြိမ်ပေါင်းများစွာ သွေးတွင်းသကြားဓာတ် စစ်ဆေးခဲ့ရပါတယ်။ လက်ထိပ်ကို သွေးဖောက်ပြီး စစ်ခဲ့တာပေါ့။ တစ်နေ့ကို လေးကြိမ် သူ့ကိုယ်သူ အင်ဆူလင် ထိုးခဲ့ရပြီး ဆေးပမာဏကို အစားအသောက်၊ လှုပ်ရှားမှုတွေနဲ့ သေချာကိုက်ညှိခဲ့ရတယ်။ ဒီလိုနေ့စဉ်လုပ်ရတာက ပထမတော့ ကြောက်ဖို့ကောင်းပေမယ့် မကြာခင်မှာပဲ ထမင်းစားရေသောက်လို ကျင့်သားရလာခဲ့ပါတယ်။

သက်တမ်းစေ့ နေထိုင်သွားဖို့ စိတ်ပိုင်းဖြတ်ထားတာတောင်မှ တစ်ခါတစ်ရံမှာ သူစိုးရိမ်နေခဲ့ပါသေးတယ်။ မမျှော်လင့်ဘဲ သွေးတွင်းသကြားဓာတ်ကျဆင်းမှုကြောင့် ခေါင်းမူးပြီး အားနည်းလာတာလိုမျိုးအရာတွေ ဖြစ်လာမှာ စိုးရိမ်ခဲ့တယ်။ နောက်ပြီး အမှားသေးသေးလေးကနေ သက်ရောက်မှုအကြီးကြီးတွေ ဖြစ်လာစေနိုင်တာကို သိနေတော့ သူ့ကျန်းမာရေးကို တစ်သက်လုံး ကိုင်တွယ်စီမံနိုင်ဖို့တာဝန်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်လာပါတယ်။

ဒါပေမယ့် Leaphy မှာ စိတ်ကူးအိပ်မက်အကြီးကြီးတွေရှိတယ်။ ဆီးချိုရောဂါ က သူ့ရဲ့အနာဂတ်ကို ထိန်းချုပ်သွားမှာကို မဖြစ်စေချင်ဘူး။ သူက ကျောင်းမှာ စာတော်ချင်တယ်၊ မော်ဒယ်တစ်ယောက် ဖြစ်လာချင်တယ်။ ရောဂါကြောင့် ချုပ်တည်းမထားရဘဲ သူစိတ်အားထက်သန်ရာတွေဆီ လိုက်ချင်ခဲ့တယ်။ “ဒါက ငါ့ရဲ့တစ်စိတ်တစ်ပိုင်းလောက်ပါပဲ။ ဘဝတစ်ခုလုံး မဟုတ်ဘူး”လို့ သူ့ကိုယ်သူ သတိပေးခဲ့တယ်။

ဒီခရီးလမ်းမှာ Leaphy တစ်ယောက်တည်း မဟုတ်ခဲ့ပါဘူး။ ခြေလှမ်းတိုင်းမှာ သူ့မိဘတွေက အတူရှိနေခဲ့ပြီး ဆီးချိုရောဂါကို ကိုင်တွယ်စီမံဖို့ သူနဲ့အတူ လေ့လာခဲ့ပါတယ်။ သူတို့က သူ့ရဲ့ သွေးတွင်းသကြားဓာတ်ပမာဏ ကို အတူစောင့်ကြည့်ပြီး ကိုယ့်ကိုယ်ကိုစောင့်ရှောက်မှုနဲ့ပတ်သက်လို့ စာသေချာဖတ်တာ ဒါမှမဟုတ် အရည်အချင်းသစ်တစ်ခု သင်ယူတာလိုမျိုး အနည်းငယ်လေး အောင်မြင်လာတိုင်း အတူအောင်ပွဲခံကြတယ်။ သူငယ်ချင်းတွေကလည်း သွေးတွင်းသကြားဓာတ် ပမာဏ စစ်ဆေးဖို့ သတိပေးတာ ဒါမှမဟုတ် လှုပ်ရှားမှုတွေမှာ ပါဝင်ရတယ်လို့ခံစားရအောင် လုပ်ပေးတာမျိုးတွေနဲ့ သူ့ကို ကူညီပေးကြပါတယ်။ ကျန်းမာရေးကျွမ်းကျင်သူတွေကလည်း ဆီးချိုရောဂါ ကိုင်တွယ်စီမံမှု ရဲ့ အတက်အကျတွေမှာ လမ်းညွှန်ပေးကြရင်း သူ့ကို ကူညီပေးခဲ့ကြပါတယ်။ ဒီလိုကူညီထောက်ပံ့မှုတွေနဲ့ Leaphy ဟာ ဆီးချိုရောဂါရဲ့ ဝန်ပိမှုတွေကို တစ်ဦးတည်း ထမ်းပိုးထားရတယ်လို့ မခံစားရတော့ပါဘူး။

အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ နေထိုင်ခြင်း က Leaphy ကို သူတစ်ခါမှ မမျှော်လင့်ထားခဲ့တဲ့ ပုံစံတွေထဲ အသားကျစေခဲ့ပါတယ်။ သွေးတွင်းသကြားဓာတ်ပမာဏ မြင့်လွန်း ဒါမှမဟုတ် ကျလွန်းတဲ့အခါ သတိထားမိဖို့ နဲ့ ချက်ချင်းအပြောင်းအလဲလုပ်နိုင်ဖို့ သူ့ခန္ဓာကိုယ်အကြောင်း နားလည်အောင် သင်ယူတတ်လာခဲ့တယ်။ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ကိုယ့်ကိုယ်ကိုစောင့်ရှောက်ဖို့ အရေးကြီးပုံကိုလည်း ဆီးချိုရောဂါက သင်ပေးခဲ့တယ်။

စိန်ခေါ်မှုတွေကို လူတိုင်းရင်ဆိုင်ရမှန်း သိလာတဲ့အတွက် ပိုနားလည်တတ်လာတယ်။ သူရရှိခဲ့တဲ့ ဂရုစိုက်မှုနှင့် ကြင်နာမှုတို့ကြောင့် ခိုင်မာတဲ့ ထောက်ပံ့ကူညီမှုစနစ်တစ်ခုရှိခြင်းရဲ့ စွမ်းအားကို သိရှိလာစေခဲ့ပြီး အခုဆိုရင် သူဟာ ပတ်ဝန်းကျင်ကလူတွေကိုပါ အလားတူ ပြန်ထောက်ပံ့ကူညီပေးဖို့ ကြိုးစားနေပါပြီ။

Leafy က အမျိုးအစား ၁ ဆီးချိုရောဂါ ရှိတဲ့ တခြားလူငယ်တွေကိုလည်း ကိုယ်တစ်ဦးတည်း မဟုတ်ကြောင်း သိစေလိုပါတယ်။ “ဆီးချိုရောဂါကို ကိုင်တွယ်စီမံရတာ ခက်ခဲပါတယ်” လို့ သူမက ပြောတယ် “ဒါပေမယ့် မင်းလုပ်နိုင်ပါတယ်။ ဒါက ကိုယ့်အိပ်မက်တွေ အလှမ်းဝေးသွားပြီလို့ မဆိုနိုင်ပါဘူး။” သူတို့ကို အကောင်းမြင်တတ်ဖို့၊ လိုအပ်တဲ့အခါ အကူအညီတောင်းကြဖို့နဲ့ သူတို့ချစ်တဲ့အရာတွေကို ဆက်ပြီးလုပ်ဆောင်ဖို့ သူက အားပေးထားပါတယ်။

Leaphy ရဲ့အကြောင်းက ဆီးချိုရောဂါနဲ့ နေထိုင်ခြင်း လောက်သာ မဟုတ်ပါဘူး—မျှော်လင့်ချက်၊ ပျော်ရွှင်မှု၊ ရဲရင့်မှုအပြည့်နဲ့ နေထိုင်ခြင်းအကြောင်းဖြစ်ပါတယ်။ ခက်ခဲတဲ့နေ့ရက်တွေ ရှိမယ်ဆိုတာ သိပေမယ့် စိတ်ပိုင်းဖြတ်မှုနဲ့ မှန်ကန်သော ထောက်ပံ့ကူညီမှုတွေနဲ့ဆိုရင် ဘယ်လိုစိန်ခေါ်မှုကိုမဆို ရင်ဆိုင်နိုင်မယ်လို့ သူက ယုံကြည်ပါတယ်။ ဒါ့အပြင် သူမျှဝေချင်တဲ့ မက်ဆေ့ချ်က- ဘယ်လိုအခက်အခဲတွေကြုံလာပါစေ သင်က သင်ထင်ထားတာထက် ပိုသန်မာပါတယ်ဆိုတာပါပဲ။

Leaphy အတွက်တော့ ဆီးချိုရောဂါနဲ့ နေထိုင်ခြင်း ဆေးထိုးအပ်နဲ့ ကိန်းဂဏန်းတွေအကြောင်းချည်းပဲ မဟုတ်ပါဘူး —သူ့ရဲ့ ခွန်အားကို ရှာဖွေတွေ့ရှိခြင်း၊ သူ့အိပ်မက်တွေနောက်ကို လိုက်လျှောက်လှမ်းခြင်းနဲ့ ဘဝခရီးလမ်းရဲ့ အစိတ်အပိုင်းတိုင်းမှာ ပျော်ရွှင်မှုကို ရှာဖွေခြင်းအကြောင်းဖြစ်ပါတယ်။

Icon ရှင်းလင်းချက်