T1D အချက်အလက်

Icon

ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ

ကျွန်ုပ်တို့အကြောင်း

မူးယစ်ဆေးဝါးများ နဲ့ အမျိုးအစား ၁ ဆီးချို

တည်းဖြတ်ချက်များ 26.06.2025

Kara Winney

Former Project manager HelloType1, A4D

၁. မူးယစ်ဆေးဝါး ဆိုတာ ဘာတွေလဲ။

မူးယစ်ဆေးဝါးဆိုတာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲ ရောက်သွားတဲ့အခါ ခန္ဓာကိုယ် ဒါမှမဟုတ် ဦးနှောက်ရဲ့ အလုပ်လုပ်ပုံတွေကို ပြောင်းလဲသွားစေတဲ့ ဓာတုပစ္စည်းတွေပါ။ မူးယစ်ဆေးတွေကို ဆေးကုသမှု ဒါမှမဟုတ် အပန်းပြေစေဖို့ ရည်ရွယ်ချက်တွေအတွက် အသုံးပြုကြပါတယ်။

၂. မူးယစ်ဆေးဝါးများ

အပန်းပြေစေဖို့ မူးယစ်ဆေးဝါး သုံးစွဲကြတယ်ဆိုတာ စိတ်ပျော်ရွှင်မှုအတွက် ဓာတုပစ္စည်းတွေ သုံးစွဲတာပဲ ဖြစ်ပါတယ်။ အယ်ကိုဟော၊ ဆေးရွက်ကြီး နဲ့ ကဖင်းတို့ကို အပန်းပြေစေဖို့ သုံးတဲ့ မူးယစ်ဆေးတွေအဖြစ် အမျိုးအစား သတ်မှတ်ထားပါတယ်။

မူးယစ်ဆေးဝါးဆိုတာ ဆေးဘက်ဆိုင်ရာ အကြောင်းရင်းမရှိဘဲ လူတွေသုံးစွဲကြတဲ့ ဆေးဝါးဖြစ်ပါတယ်။ တချို့က သူတို့ကို ပါတီသုံး ဆေးဝါးတွေ ('party drugs') လို့ခေါ်ပါတယ်။ ဥပမာ- ဆေးခြောက်၊ အက်တက်စီ၊ ကိုကင်းနဲ့ အမ်ဖက်တမင်း။ ဒီမူးယစ်ဆေးဝါးအမျိုးအစားတွေဟာ ကမ္ဘာတစ်ဝန်းက နိုင်ငံအများစုမှာ တရားမဝင် ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဥပဒေနဲ့ စည်းမျဉ်းတွေကို စစ်ဆေးကြည့်ပါ။

မူးယစ်ဆေးဝါးတွေကို အပျော်အတွက် သင်စမ်းသုံးကြည့်ချင်တာ ဒါမှမဟုတ် သင့်ဘေးဝန်းကျင်ကသူတွေက တိုက်တွန်းဖိအားပေးလို့ သုံးကြည့်တာမျိုး ရှိနိုင်ပါတယ်။

အပန်းပြေစေဖို့ မူးယစ်ဆေးဝါး သုံးစွဲမှုဟာ သင့်ရဲ့ စိတ်နဲ့ခန္ဓာကို ထိခိုက်နစ်နာစေနိုင်တဲ့ သက်ရောက်မှုတွေ ရှိလာစေပါတယ်။ အထူးသဖြင့် သင့်မှာ ဆီးချိုရောဂါရှိနေရင် သင့်ရဲ့ ကျောင်းစာတွေ၊ အလုပ်နဲ့ လူမှုရေးဘဝမှာပါ မကောင်းတဲ့ သက်ရောက်မှုတွေ ရှိလာစေနိုင်တယ်။ ဥပဒေအရ အရေးယူမှုတွေကြောင့် ဒုက္ခရောက်သွားစေနိုင်ပါတယ်။ ဒါက အကုန်အကျများတဲ့ အကျင့်ဖြစ်ရာကနေ ငွေရေးကြေးရေးပြဿနာတွေလည်း ထပ်တိုးဖြစ်လာစေနိုင်တယ်။ သင့်မှာ အမျိုးအစား ၁ ဆီးချိုရောဂါရှိတယ်ဆိုရင် မူးယစ်ဆေးဝါးတွေနဲ့ ဆီးချိုပေါင်းမိတဲ့အခါ သင့်ကျန်းမာရေးမှာ မရေတွက်နိုင်တဲ့ ထိခိုက်နစ်နာမှုတွေ သက်ရောက်လာစေနိုင်ပါတယ်။

တစ်စုံတစ်ယောက်က မူးယစ်ဆေးဝါးကြောင့် ပြဿနာရှိနေတယ်ဆိုရင် ကူညီလို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။

၃. မူးယစ်ဆေးဝါးများနဲ့ ဆီးချိုရောဂါ

ဆီးချိုရောဂါရှိသူတွေမှာ အပန်းပြေစေဖို့ မူးယစ်ဆေးဝါးများ သုံးခြင်းရဲ့ ကြီးမားတဲ့ အန္တရာယ်တစ်ခုက သင်မူးယစ်ဆေးဝါးတွေ သုံးတဲ့အခါ အင်ဆူလင်ထိုးဖို့ မေ့တာ၊ စားဖို့သောက်ဖို့ မေ့တာတွေ ဖြစ်လေ့ရှိကြတာမို့ အသက်အန္တရာယ်ရှိတဲ့ အခြေအနေကို မြန်မြန်ဆန်ဆန် ရောက်သွားစေနိုင်ပါတယ်။ ဆိုလိုတာက သွေးတွင်းသကြားဓာတ်ပမာဏ မြင့်တက်ပြီး ဆီးချိုဆိပ်တက်ခြင်း diabetes ketoacidosis (DKA) အခြေအနေ ဖြစ်လာနိုင်ခြေ အလွန်များတယ် ဒါမှမဟုတ် ကိုယ်တွင်းအင်္ဂါတွေကို လုပ်ဆောင်ချက် ရပ်ဆိုင်းသွားစေနိုင်ပါတယ်။ ဗိုက်အောင့်တာ၊ အသီးနံ့ပါတဲ့ ခံတွင်းနံ့ဖြစ်လာတာ၊ မောတာ၊ ပျို့အန်တာ ဒါမှမဟုတ် ရေဓာတ်ခန်း​ခြောက်တာတွေလို လက္ခဏာတွေဖြစ်လာရင် ဆရာဝန် အမြန်ဆုံးပြဖို့ လိုပါတယ်။

သင့်မှာ ပြင်းထန်တဲ့ ဆီးချိုရောဂါ နောက်ဆက်တွဲပြဿနာတွေ ရှိနေပြီးသားလည်း ဖြစ်နေနိုင်ပေမယ့် မူးယစ်ဆေးသုံးထားတာကြောင့် သတိမထားမိခဲ့တာ ဒါမှမဟုတ် တစ်ခုခု မလုပ်နိုင်ခဲ့တာမျိုးလည်း ရှိနိုင်ပါတယ်။

နောက်ဆက်တွဲပြဿနာများနဲ့ သွေးတွင်းသကြားဓာတ်အလွန်ကျဆင်းခြင်း/သွေးတွင်းသကြားဓာတ်အလွန်မြင့်တက်ခြင်းကို စီမံထိန်းညှိခြင်းအကြောင်းကို ဒီနေရာမှာ ပိုမိုဖတ်ရှုပါ။

သတိပြုရမယ့် အချက်တွေက -

ကိုယ်သောက်သုံးမယ့်ဆေးအကြောင်း သိအောင်လုပ်ပါ။ မသောက်သုံးခင်မှာ ဆေးရဲ့အာနိသင်တွေအကြောင်း ရှာဖွေလေ့လာပြီး သင့်ဆရာဝန်နဲ့ ဆွေးနွေးပါ။

ဘာဆေးလဲဆိုတာ မသေချာရင် မသောက်သုံးပါနဲ့။

ဆေးတွေကို တစ်ယောက်တည်းရှိချိန် မသောက်ပါနဲ့။ ဆေးမသောက်တဲ့ တစ်ယောက်ယောက်တော့ အနားမှာရှိပါစေ။ ကိုယ်ယုံကြည်ရသူက၊ သင်သောက်မယ့်ဆေးအကြောင်းနဲ့ သင့်မှာ အမျိုးအစား ၁ဆီးချိုရောဂါရှိတဲ့အကြောင်း သိသူကို ခေါ်ထားပါ။

ဘေးကင်းလုံခြုံပြီး သက်သောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်မှာ နေပါ။

အင်ဆူလင်ထိုးတာ ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်ပမာဏ စစ်ဆေးတာတွေကို ဘယ်တော့မှ မရပ်လိုက်ပါနဲ့။

အပန်းပြေစေဖို့ သုံးတဲ့ မူးယစ်ဆေးဝါးတွေဟာ ဘေးမကင်းနိုင်သလို သင့်ကျန်းမာရေးထိခိုက်တာအပြင် ဆေးစွဲခြင်း၊ အလုပ်၊ မိသားစုနဲ့သူငယ်ချင်းဆက်ဆံရေးတွေမှာ ပြဿနာတွေအများကြီး ရှိလာစေနိုင်တာကြောင့် မသုံးစွဲဖို့ လေးလေးနက်နက် အကြံပြုချင်ပါတယ်။

နိဂုံး

မူးယစ်ဆေးဝါးတွေနဲ့ အမျိုးအစား ၁ဆီးချိုရောဂါဟာ ကောင်းသော ပေါင်းစပ်မှု မဟုတ်ပါဘူး။ မူးယစ်ဆေးသုံးစွဲမှုကြောင့် ခန္ဓာကိုယ်မှာ ဖြစ်လာစေနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေအပြင် အင်ဆူလင်ထိုးဖို့မေ့တာ ဒါမှမဟုတ် ကိုယ်တိုင် ဆေးပမာဏ မှားထိုးတာတောင် ဖြစ်စေနိုင်ပါတယ်။ ဒါဟာ ဆေးမသုံးဖို့ သင်ရွေးချယ်လိုက်တာနဲ့ လွယ်လွယ်ကူကူရှောင်ရှားနိုင်တဲ့ ကျန်းမာရေးပြဿနာတွေပါ။

အမျိုးအစား ၁ဆီးချိုရောဂါနဲ့ ပတ်သက်ပြီး မူးယစ်ဆေးဝါးတွေရဲ့ သက်ရောက်မှုတွေဟာ ခန့်မှန်းလို့လည်းမရနိုင်ပါဘူး။ ဆေးသုံးလိုက်တာနဲ့ အန္တရာယ်များတဲ့ အခြေအနေတစ်ခုဆီကို ကိုယ့်ကိုယ်ကို တွန်းပို့လိုက်တာပါပဲ။ ဒါ့ကြောင့် မူးယစ်ဆေးဝါးတွေနဲ့ အမျိုးအစား ၁ဆီးချိုရောဂါကို မရောထွေးစေတာ အကောင်းဆုံးဖြစ်ပါတယ်။

Icon ရှင်းလင်းချက်