T1D အချက်အလက်

Icon

ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ

ကျွန်ုပ်တို့အကြောင်း

ကလေးမှာ အမျိုးအစား ၁ ဆီးချိုရောဂါ ရှိမှာစိုးတယ်

တည်းဖြတ်ချက်များ 06.05.2026

Dr.Khaing Thazin Saw

Pediatrician at The 500-bedded Children’s Hospital, Naypyitaw, Myanmar

နိဒါန်း

မိဘတိုင်းက ကလေးရဲ့ကျန်းမာရေးကို ဦးစားပေးကြပါတယ်။

ကလေးမှာ တစ်ခုခုမှားနေပြီဆိုတဲ့ လက္ခဏာတွေကို မိဘတွေက ရှာကြတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါဟာ မိဘတွေ စိတ်ပူနိုင်လောက်တဲ့ တစ်သက်တာ ရောဂါတစ်မျိုးဖြစ်ပါတယ်။

ကလေးတစ်ယောက်ကို ကလေးဆီးချို ရှိနေပြီလို့ ပြောလိုက်တဲ့အခါ မိဘတွေအတွက် သက်ရောက်မှုသိပ်ကြီးပါတယ်။

ဒီအကြောင်းကို အတူဆက်ဆွေးနွေးပြီး အမျိုးအစား ၁ ဆီးချိုရောဂါအကြောင်းနဲ့ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို ပြောကြရအောင်။

အမျိုးအစား ၁ ဆီးချိုရောဂါရှိလျက်နဲ့တောင် သင့်ကလေးက ဘဝမှာ အောင်မြင်မှုရနိုင်ပါတယ်။

၁။ အမျိုးအစား ၁ ဆီးချိုရောဂါအကြောင်း နားလည်ခြင်း

အမျိုးအစား ၁ ဆီးချိုရောဂါကို ကလေးဆီးချို ဒါမှမဟုတ် အင်ဆူလင်ကိုအားထားနေရတဲ့ ဆီးချိုရောဂါလို့လည်း သိကြသပါတယ်။ ဒီရောဂါက နို့စို့အရွယ်၊ ကလေးဘဝနဲ့ မြီးကောင်ပေါက်အရွယ်တို့မှာ စတင်ဖြစ်ပွားလေ့ရှိပါတယ်။

ဒါပေမယ့် အမျိုးအစား ၁ ဆီးချိုရောဂါဟာ ကလေးအသက် အနည်းဆုံးငါးနှစ်မပြည့်ခင်အထိတော့ လက္ခဏာ မပြတတ်ပါဘူး။

အချိုစားတာများလွန်းလို့ အမျိုးအစား ၁ ဆီးချိုရောဂါဖြစ်လာတတ်တယ်လို့ လူတွေက ထင်ကြပါတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ စားသောက်မှုပုံစံတစ်ခုတည်းနဲ့ အမျိုးအစား ၁ ဆီးချိုရောဂါကို မဖြစ်စေနိုင်ပါဘူး။

အမျိုးအစား ၁ ဆီးချိုရောဂါဟာ ပန်ကရိယထဲက ဘီတာဆဲလ်တွေကို ကိုယ်ခံအားစနစ်က ဖျက်ဆီးလိုက်တာကြောင့် ခန္ဓာကိုယ်က အင်ဆူလင်မထုတ်နိုင်တော့တဲ့ တစ်သက်တာ ရောဂါတစ်မျိုးဖြစ်ပါတယ်။

အင်ဆူလင်မရှိရင် သွေးတွင်းသကြားဓာတ်ပမာဏကို မြင့်တက်စေပါတယ်။ သွေးတွင်းသကြား မြင့်တက်တာ ကြာလာရင် ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။

သွေးတွင်းသကြားပမာဏ အလွန်မြင့်တက်ခြင်း (hyperglycemia)ကြောင့် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ မျက်စိရောဂါနဲ့ အာရုံကြောထိခိုက်မှုတို့ ဖြစ်နိုင်ခြေပိုများစေပါတယ်။

၂။ အမျိုးအစား ၁ ဆီးချိုရောဂါရဲ့ "4T"လက္ခဏာတွေကို သတိပြုပါ

ဘေဘီလေးတွေနဲ့ ကလေးငယ်တွေက ရေတအားသောက်တတ်ပါတယ်။ ဒါပေမယ့် ကလေးက ရုတ်တရက် ကိုယ်အလေးချိန်အများကြီးကျဆင်းသွားတာ ဒါမှမဟုတ် ပုံမှန်ထက် ပိုပင်ပန်းလွယ်တာ ဒါမှမဟုတ် ရေပိုငတ်တာတွေ ရှိလာတယ်ဆိုရင် ကလေးဆီးချိုရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ ကလေးငယ်တွေဟာ သူတို့ဘယ်လိုခံစားရတယ် ဆိုတာကို မရှင်းပြနိုင်တဲ့အတွက် ဘာတွေဖြစ်နေလဲဆိုတာ မသိကြပါဘူး။

ကိုယ့်ကလေးမှာ အမျိုးအစား ၁ ဆီးချိုလက္ခဏာရှိမရှိ မိဘတွေ သိရှိစေနိုင်မယ့် အစောပိုင်း "4T"လက္ခဏာတွေကတော့ -

T1. TOILET(အိမ်သာ)။ ဆီးခဏခဏ ပိုသွားတာကို ဆိုလိုပါတယ်။ ဘေဘီလေးတွေနဲ့ ကလေးတွေဆိုရင် သေးခံတွေစိုနေတာ ဒါမှမဟုတ် အိပ်ရာထဲ မကြာခဏသေးပေါက်ချတာတွေ ရှိလာနိုင်ပါတယ်။

T2. THIRSTY (ရေငတ်ခြင်း)။ အချိန်ကြာကြာ ရေအရမ်းဆာနေတာနဲ့ ညဘက် ခဏခဏရေထသောက်ရတာတွေက အန္တရာယ်များတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

T3. TIRED (ပင်ပန်းလွယ်ခြင်း)။ အစားအသောက်ကနေ ရရှိတဲ့ သကြားဓာတ်ကို ခွန်အားအဖြစ်ပြောင်းလဲဖို့ အင်ဆူလင်မရှိတဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်လာပါတယ်။ သွေးတွင်းသကြားဓာတ်မြင့်တက်လာရင် ခန္ဓာကိုယ်ဆဲလ်တွေက သကြားဓာတ်ကို ခွန်အားအဖြစ် အသုံးမပြုနိုင်တော့ပါဘူး။ ဒါကြောင့် လူကို ပင်ပန်းအားနည်းမှု ခံစားရစေနိုင်ပါတယ်။

T4. THINNESS (ပိန်လာခြင်း)။ အင်ဆူလင်မရှိဘဲ ခန္ဓာကိုယ်က သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်းအသုံးမပြုနိုင်တဲ့အခါ အဆီနဲ့ ကြွက်သားတွေကို မြန်မြန်ဆန်ဆန် လောင်ကျွမ်းစေပြီး ခွန်အားထုတ်လုပ်ပါတယ်။ ရလဒ်အနေနဲ့ သွေးထဲမှာ ကီတုန်းများပြားခြင်း (ketoacidosis) နဲ့ အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း ဖြစ်လာပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတစ်ယောက်ဟာ အကြောင်းရင်းမည်မည်ရရ မရှိဘဲ ၆လအောက်ကာလအတွင်း ကိုယ်အလေးချိန် ၅%ကျော် ကျဆင်းသွားရင် ဆရာဝန်နဲ့ပြသစစ်ဆေးပါ။

၃။ နောက်ထပ်လက္ခဏာများ

က။ ခဏခဏဆာလောင်ခြင်း။ ကလေးဆီးချိုရှိတဲ့ ကလေးတွေဟာ အစားကို ပိုစားနေရင်တောင် အစားအသောက်က ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ ခွန်အားကို မပေးနိုင်တဲ့အတွက် ဆာလောင်မှုကို ခံစားနေရနိုင်ပါတယ်။

ခ။ အမြင်အာရုံဝေဝါးခြင်း။ မြင့်တက်လာတဲ့ သွေးတွင်းသကြားဓာတ်ပမာဏက မျက်စိကို ထိခိုက်နိုင်ပြီး အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ ကလေးတွေအတွက် အမြင်အာရုံရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ ခက်ခဲစေနိုင်ပါတယ်။

ဂ။ အသီးနံ့ထွက်တဲ့ ခံတွင်းနံ့။ သင့်ကလေးရဲ့ ခံတွင်းနံ့က အသီးနံ့ ဒါမှမဟုတ် ချိုအီတဲ့ အနံ့ထွက်တာဖြစ်နေရင် diabetic ketoacidosis ခေါ် အမျိုးအစား ၁ ဆီးချိုရောဂါရဲ့ အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲပြဿနာရဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။

ဃ။ မှိုပိုးဝင်ခြင်း။ အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ မိန်းကလေးတွေမှာ မှိုပိုးဝင်ခြင်း မကြာခဏ ဖြစ်ပွားနိုင်ပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါဟာ အသိပညာဗဟုသုတ၊ မဆုတ်မနစ်ကြိုးပမ်းမှု၊ စိတ်ရှည်သည်းခံမှုနဲ့ စိတ်ထားတတ်မှုတို့ ပေါင်းစပ်လိုက်ရင် သင့်ကလေးအတွက် စီမံထိန်းညှိလို့ရတဲ့ ရောဂါဖြစ်ပါတယ်။

မှန်ကန်တဲ့ ကုထုံးအစီအစဉ်၊ အားကောင်းတဲ့ လူမှုရေးအထောက်အပံ့နဲ့ နေထိုင်မှုပုံစံ ချိန်ညှိမှုတွေရှိမယ်ဆိုရင် အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ သင့်ကလေးမှာ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်မယ့် အခွင့်အလမ်းကောင်း ရှိပါတယ်။

၄။ ဂရုစိုက်လုပ်ဆောင်ခြင်း



သင့်ကလေးကို ကျန်းမာကြံ့ခိုင်စေပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ရှိမလာစေဖို့အတွက် ကလေးဆီးချိုအကြောင်းကို သင်က စောစောလေ့လာပြီး အမြန်ဆုံး ကုသပေးဖို့ လိုပါတယ်။

သင့်ကလေးမှာ အပေါ်မှာပြောခဲ့တဲ့ လက္ခဏာတွေထဲက တစ်ခု သို့မဟုတ် အထက် ရှိနေတယ်ဆိုရင် စိတ်မပူပါနဲ့။ အခုပြောမယ့် အချက်တွေကို လုပ်ပါ -

က။ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။ သင့်ကလေးကို ကလေးအထူးကုဆရာဝန် သို့မဟုတ် မိသားစုဆရာဝန်ဆီ ပြသပါ။ သူတို့က သွေးတွင်းသကြားဓာတ်နဲ့ ‌သုံးလတွင်းသွေးတွင်းသကြားဓာတ် HbA1c ပမာဏတွေကို စစ်ဆေးပေးမှာပါ။ ဒီစစ်ဆေးမှုတွေက အမျိုးအစား ၁ ဆီးချိုရောဂါကို ရှာဖွေတွေ့ရှိနိုင်ပြီး ကုထုံးအစီအစဉ်ကို ပြင်ဆင်ပေးနိုင်ပါတယ်။

ခ။ သွေးတွင်းသကြားဓာတ်ပမာဏကို စောင့်ကြည့်ခြင်း။ သင့်ကလေးရဲ့ သွေးတွင်းသကြားဓာတ်ပမာဏက မြင့်တက်နေတယ်ဆိုရင် ကလေးကျန်းမာရေးနဲ့ ဟော်မုန်းရောဂါအထူးကုတစ်ဦးဆီ ညွှန်ပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ပုံမှန်စစ်ဆေးတာက အမျိုးအစား ၁ ဆီးချိုရောဂါကို ကုသရာမှာ အထောက်အကူဖြစ်စေပါတယ်။

ဂ။ ကိုယ်တိုင်အသိပညာရှာပါ။ အမျိုးအစား ၁ ဆီးချိုရောဂါအကြောင်း သင်ပိုသိလာလေလေ (အင်ဆူလင် ဘယ်လိုအလုပ်လုပ်သလဲ၊ လေ့ကျင့်ခန်းနဲ့ ညီညွတ်မျှတတဲ့ စားသောက်ပုံတို့ရဲ့ အရေးပါပုံ) သင့်ကလေးရဲ့ သွေးတွင်းသကြားဓာတ်ကို ပိုပြီးမြန်မြန် စီမံထိန်းညှိနိုင်လေ‌လေပါပဲ။

ဃ။ ကူညီထောက်ပံ့ပေးတဲ့ အစုအဖွဲ့တစ်ခုကို ရှာပါ။ သင့်လိုပဲ အခြေအနေတူ ဖြတ်သန်းနေတဲ့ တခြားမိသားစုတွေကို အွန်လိုင်းဝက်ဘ်ဆိုက်တွေနဲ့ ဆိုရှယ်မီဒီယာဂရုတွေကနေတစ်ဆင့် ရှာပါ။ သင့်မိသားစုကို အထီးမကျန်စေဖို့ အထောက်အကူဖြစ်သလို အကြံဉာဏ်ကောင်းတွေလည်း ရနိုင်ပါတယ်။

နိဂုံး


ကလေးတစ်ယောက်ကို ကလေးဆီးချို ရှိနေပြီလို့ တွေ့ရှိတဲ့အခါ မိဘတွေအတွက်ရော ကလေးအတွက်ပါ ခက်ခဲစေနိုင်ပါတယ်။ ကြုံတွေ့ရလေ့ရှိတဲ့ စိတ်ခံစားချက်တွေဖြစ်တဲ့ ဝမ်းနည်းမှု၊ ဒေါသနဲ့ ကြောက်ရွံ့စိတ်တွေဖြစ်လာတတ်ပါတယ်။

သင့်ကလေးရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တာကလည်း ပုံမှန်ဖြစ်ပေမယ့် အမျိုးအစား ၁ ဆီးချိုရောဂါရဲ့ လက္ခဏာတွေကို သိပြီး မြန်မြန်လှုပ်ရှားလုပ်ဆောင်တာက ကွာခြားချက် ကြီးမားစေနိုင်ပါတယ်။

ဆရာဝန်နဲ့ ဆွေးနွေးပြီး တိကျရှင်းလင်းတဲ့ ရောဂါရှာဖွေစစ်ဆေးမှုနဲ့ ကုထုံးအစီအစဉ်ကို ရယူဖို့ အရေးကြီးပါတယ်။ ဒါဟာလည်း မိသားစုအနေနဲ့ အမျိုးအစား ၁ ဆီးချိုရောဂါရှိနေတဲ့ကလေးကို အကူအညီပေးနိုင်ဖို့နဲ့ သူတို့ရဲ့ ခံစားချက်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကောင်းမွန်တဲ့ သက်ရောက်မှုရှိစေနိုင်ပါတယ်။

သင့်ရဲ့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နဲ့ အဆက်အသွယ်မပြတ်စေဘဲ အမျိုးအစား ၁ ဆီးချိုရောဂါအကြောင်း တတ်နိုင်သမျှ များများသိအောင် လေ့လာပါ။

သင့်ကလေးရဲ့ အမျိုးအစား ၁ ဆီးချိုရောဂါဟာ သူတို့ရဲ့ ဘဝခရီးလမ်း တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး သင့်အကူအညီနဲ့ဆိုရင် အရမ်းကို အခြေအနေကောင်းစေနိုင်ပါတယ်။

HelloType1 ဝက်ဘ်ဆိုက်၊ Facebook ဂရုနဲ့ YouTube ပညာပေးဗီဒီယိုတွေအားလုံးဟာ အမျိုးအစား ၁ ဆီးချိုရောဂါအကြောင်း လေ့လာဖို့ နေရာတွေပဲဖြစ်ပါတယ်။ အဲဒီကနေ သင့်မိသားစုကို အသိပညာပေးတာ၊ ခွန်အားပေးတာ၊ ပါဝင်ခွင့်ရစေတာတွေနဲ့ ကူညီပေးပါလိမ့်မယ်။ လွတ်လပ်စွာ ဆက်သွယ်နိုင်ပါတယ်။

Icon ရှင်းလင်းချက်