T1D အချက်အလက်

Icon

ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ

ကျွန်ုပ်တို့အကြောင်း

အမျိုးအစား ၁ ဆီးချိုရောဂါရှိကြောင်း သိပြီးကာစ ကလေးကို HelloType1 မှတစ်ဆင့် အသိပညာပေးခြင်း

တည်းဖြတ်ချက်များ 18.06.2025

Johanah Co

HelloType1 Digital Learning and Development Manager, A4D

၁။ အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ သက်တမ်းစေ့ နေထိုင်ခြင်း

ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းတွေရဲ့ အမြင်အရ ကလေးမှာ အမျိုးအစား ၁ ဆီးချိုရောဂါရှိကြောင်း သိလိုက်ရချိန်မှာ မိဘတွေ ဘယ်လိုခံစားရသလဲဆိုတာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။

ရောဂါတွေ့ရှိပြီးနောက် အံ့ဩတုန်လှုပ်မှုကနေ မရေရာမှု၊ ပူပန်မှုနဲ့ စိုးရိမ်ကြောက်ရွံ့မှုခံစားချက်တွေ ဖြစ်လာစေနိုင်ပါတယ်။

ဒါပေမယ့် မစိုးရိမ်ပါနဲ့။ သင့်ကလေးက မှန်ကန်တဲ့ ဂရုစိုက်မှု၊ ကျောင်းပညာရေးနဲ့ ထောက်ပံ့ကူညီမှုတွေ ရရှိမယ်ဆိုရင် ဒီရောဂါရှိနေလျက်နဲ့ သက်တမ်းစေ့ နေထိုင်နိုင်ပါတယ်။

သင့်လိုပဲ ဆီးချိုရောဂါရှိတဲ့ကလေးကို ဂရုစိုက်ပေးနေတဲ့လူတွေကို ကူညီပေးတာက ဒီဆောင်းပါးမှာ ပါရှိတဲ့အကြောင်းအရာပါပဲ။

ဒီဆောင်းပါးမှာ သင့်ကို အသုံးဝင်တဲ့ သတင်းအချက်အလက်တွေနဲ့ ဖြစ်ပေါ်လာတဲ့ပြဿနာတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့ အကြံပြုချက်တွေကို ပံ့ပိုးပေးထားပါတယ်။

၂။ အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ ထောက်ပံ့ကူညီမှုစနစ်အခြေခံများ

အမျိုးအစား ၁ ဆီးချိုရောဂါဟာ ပန်ကရိယထဲမှာရှိတဲ့ အင်ဆူလင်ထုတ်ပေးတဲ့ဆဲလ်တွေကို ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က တိုက်ခိုက်ဖျက်ဆီးပစ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။

အဲဒီကနေ သွေးတွင်းသကြားဓာတ် ပုံမှန်ထိန်းညှိဖို့အတွက် တာဝန်ရှိတဲ့ အင်ဆူလင်ဟော်မုန်းကို ပြတ်လပ်သွားစေပါတယ်။ ရလဒ်အနေနဲ့ အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ ကလေးတွေဟာ သွေးတွင်းသကြားဓာတ်ပမာဏကို ပုံမှန်ထိန်းသိမ်းနိုင်ဖို့ အင်ဆူလင်ကုထုံးကို တစ်သက်တာ လိုအပ်ပါတယ်။

ဆီးချိုရောဂါရှိတဲ့ ကလေးတစ်ယောက်ကို ဂရုစိုက်ရတာဟာ သင်တစ်ယောက်တည်းလုပ်လို့ရမယ့်အရာ မဟုတ်ပါဘူး။

ဆေးပညာကျွမ်းကျင်သူအဖွဲ့နဲ့ ခိုင်မာတဲ့ထောက်ပံ့ကူညီမှုစနစ်တစ်ခု တည်ဆောက်ဖို့ အရေးကြီးပါတယ်။

ဟော်မုန်းရောဂါအထူးကု၊ စိတ်ပညာအထူးကု၊ စားသောက်ပုံအာဟာရပညာရှင်တွေ၊ လေ့ကျင့်ခန်းပညာရှင်တွေ၊ တခြားသူတွေနဲ့ စကားပြောပြီး အနီးကပ် အလုပ်လုပ်ပါ။

သင့်ဧရိယာ ဒါမှမဟုတ် အွန်လိုင်းမှာ တခြားသူတွေနဲ့ အတူချိတ်ဆက်ပြီး သင့်ဇာတ်ကြောင်းတွေကိုမျှဝေကာ စိတ်ပိုင်းဆိုင်ရာအထောက်အပံ့ ဒါမှမဟုတ် အချက်အလက်တွေရယူပါ။

၃။ သင့်ကိုယ်သင် အသိပညာပေးခြင်းနဲ့ ကလေးမှာလိုအပ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့

ဆီးချိုရောဂါရှိတဲ့ ကလေးတစ်ယောက်ကို ဂရုစိုက်ရတာဟာ သူတို့ကိုယ်တိုင်နဲ့ ကလေးကို ခက်ခဲပင်ပန်းမှုတွေကို ခံနိုင်ရည်ရှိစေတယ်လို့ မိဘအများစုက သိကြပါတယ်။ အဓိက အကူအညီကတော့ သင့်ကလေးရဲ့ ရောဂါကို ပိုပြီးကောင်းကောင်းရင်ဆိုင်နိုင်စေဖို့ အမျိုးအစား ၁ ဆီးချိုရောဂါအကြောင်းကို ရနိုင်သလောက် ရှာဖွေဖို့ပဲဖြစ်ပါတယ်။

www.hellotype1.com မှာ ဆီးချိုနယ်ပယ်အတွင်း အလုပ်လုပ်နေတဲ့ ပညာရှင်တွေရေးသားပြုလုပ်ထားတဲ့ ဉာဏ်စမ်းမေးခွန်းတွေ၊ ပိုစတာတွေ၊ ရုပ်ရှင်တွေနဲ့ ဆောင်းပါးတွေကို တွေ့ရှိနိုင်ပါတယ်။

သင်နဲ့ အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ သင့်ကလေးက သွေးတွင်းသကြားဓာတ် စစ်ဆေးနည်း၊ အင်ဆူလင်ထိုးနည်း၊ ဆီးချိုအတက်အကျလက္ခဏာတွေ စတာတွေကို အသိပညာနဲ့ အတွေ့အကြုံရှိဖို့ လိုပါတယ်။

အသိပညာက လူတွေကို ခွန်အားပေးပါတယ်။ သင့်ကလေးက အမျိုးအစား ၁ ဆီးချိုရောဂါအကြောင်း ပိုသိလာတာနဲ့အမျှ သူ့ရဲ့ ဆီးချိုရောဂါကို စီမံထိန်းညှိရာမှာ တက်တက်ကြွကြွ ပါဝင်နိုင်လာပါလိမ့်မယ်။

အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ကလေးက သူ့ရောဂါရဲ့ သက်ရောက်ပုံအကြောင်း မိဘတွေကို ပွင့်ပွင့်လင်းလင်းပြောချင်လာမယ်ဆိုရင် ဒါဟာ ကလေးအနေနဲ့ လုံခြုံစိတ်ချကြောင်း ခံစားရတဲ့ လက္ခဏာကောင်းတစ်ခု ဖြစ်ပါတယ်။

ဒါ့ကြောင့်ပဲ သင့်အိမ်ကို သင့်ကလေးအတွက် ဘေးကင်းလုံခြုံတဲ့နေရာတစ်ခုဖြစ်အောင် လုပ်ပေးဖို့ အရေးကြီးပါတယ်။

၄။ စီမံထိန်းညှိမှုအစီအစဉ်နဲ့ ကျန်းမာတဲ့ နေထိုင်မှုပုံစံ

သင့်ကလေးရဲ့ ကျန်းမာကြံ့ခိုင်ရေးကို ထိန်းသိမ်းဖို့အတွက် ဘက်စုံပါဝင်တဲ့ ဆီးချိုစီမံထိန်းညှိမှုအစီအစဉ်တစ်ခု ရေးဆွဲဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

အင်ဆူလင် ဘယ်လောက်လိုတယ်၊ အစားအသောက်ကို ဘယ်လိုစီစဉ်မယ်၊ အရေးပေါ်အခြေအနေဖြစ်လာရင် ဘယ်လိုလုပ်မယ်ဆိုတာတွေ ပါဝင်တဲ့ သီးသန့်အစီအစဉ်တစ်ခုကို သင့်ကျန်းမာရေးအဖွဲ့နဲ့ အတူဖန်တီးပါ။

သင့်ကလေးကို ကျန်းမာရေးနဲ့ညီတဲ့ဘဝမှာ နေထိုင်နိုင်အောင် ကြိုးစားပါ။ ဒါမှ သူတို့ရဲ့အခြေအနေကို ပိုပြီးကောင်းကောင်း ရင်ဆိုင်နိုင်စေမှာပါ။

ကျန်းမာတဲ့ စားသောက်ပုံအလေ့အကျင့်တွေကို အားပေးခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ အိပ်ရေးဝအောင် အိပ်ခြင်းတို့ကလည်း အရေးကြီးပါတယ်။

သွေးတွင်းသကြားဓာတ်ပမာဏအပေါ် တိုက်ရိုက်သက်ရောက်မှုရှိတာကြောင့် ကာဗိုဟိုက်ဒရိတ် စားသောက်ပုံအလေ့အကျင့်တွေကို မျက်ခြည်မပြတ်ဖို့ အထူးအရေးကြီးပါတယ်။

ရေသောက်ဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာနဲ့ ကိုယ်စားမယ့်အစားအသောက်ထဲက ကာဗိုဟိုက်ဒရိတ်တွေကို သူတို့သိထားရပါမယ်။

၅။ ကျောင်းသားဘဝကို စီမံခြင်းနဲ့ HelloType1 အဖွဲ့ဆီက ထောက်ပံ့ကူညီမှု

သင့်ကလေးရဲ့ ဆရာတွေနဲ့ ကျောင်းကို အမျိုးအစား ၁ ဆီးချိုရောဂါအကြောင်းအချက်အလက်တွေနဲ့ ဆီးချိုရောဂါရှိတဲ့ကလေးကို ဂရုစိုက်ရာမှာ လုပ်ဖို့လိုအပ်တာတွေကို အသိပေးထားပါ။

အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ကလေးတွေကို ကျောင်းတက်ရက်အတွင်း စောင့်ကြည့်ပြီး အင်ဆူလင်လိုအပ်တဲ့အခါ လုပ်ဆောင်ပေးလို့ရတဲ့ ကိရိယာတွေနဲ့ အဆာပြေမုန့်တွေကို ရရှိစေခြင်းလိုမျိုး အရာတွေမှာ ကျောင်းသူနာပြုနဲ့ ဆရာတွေကို လေ့ကျင့်ပေးထားရပါမယ်။

ကျောင်းဟာ ပညာသင်ယူဖို့ ဘေးကင်းစိတ်ချရပြီး ထောက်ပံ့ကူညီတတ်တဲ့ နေရာတစ်ခုဖြစ်စေဖို့ ဆရာတွေ၊ သူနာပြုတွေ၊ အတန်းဖော်တွေနဲ့ ပွင့်ပွင့်လင်းလင်း စကားပြောဆိုကြဖို့ ကျောင်းသားတွေကို အားပေးပါ။

HelloType1 Facebook ဂရုတွေထဲမှာ မေးခွန်းမေးတာ ဒါမှမဟုတ် တိုက်ရိုက်မက်ဆေ့ပို့တာတွေလုပ်ပြီး ပြဿနာတွေကို ဖြေရှင်းနိုင်မှာပါ။

ကျောင်းမှာ ဒါမှမဟုတ် အိမ်နားတဝိုက်မှာ ဆန်းသစ်တဲ့အပြောင်းအလဲတွေလုပ်တာကလည်း လူ့အဖွဲ့အစည်းတစ်ခုလုံးကို ကြီးမားတဲ့ သက်ရောက်မှု ရှိလာနိုင်ပါတယ်။

အစီအစဉ်ကို စတင်ဖို့အတွက် အကူအညီလိုအပ်တယ်ဆိုရင် စိုးရိမ်စရာမလိုပါဘူး။ ကျွန်တော်တို့ HelloType1 အဖွဲ့ဝင် သူငယ်ချင်းတွေက ကူညီဖို့ အသင့်ရှိပါတယ်။ ကျွန်တော်တို့ကို အီးမေးလ်ပို့ပါ ဒါမှမဟုတ် HelloType1 Facebook မှာ မက်ဆေ့ပို့လိုက်ပါ။

၆။ ကလေးတစ်ဦးချင်းစီရဲ့ ဆီးချိုရောဂါက မတူကြပါဘူး

အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ကလေးတစ်ဦးကို ဂရုစိုက်ရတာ အချိန်၊ နားလည်မှုနဲ့ အကူအညီတွေ လိုအပ်ပါတယ်။

ဒီလမ်းက ဘယ်လောက်ခက်ခဲပင်ပန်းနိုင်သလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။

ဆီးချိုရောဂါရှိတဲ့ ကလေးတိုင်းက မတူညီကြပါဘူး။ ဒါ့ကြောင့် သူတို့အပေါ်ဂရုစိုက်ရာမှာလည်း သူတို့ ရဲ့လိုအပ်ချက်တွေနဲ့ညီ စီစဉ်ပေးသင့်ပါတယ်။

သင့်ကလေးဟာ ထောက်ပံ့ပေးတဲ့အဖွဲ့ရှိပြီး ဘာလုပ်ရမယ်ဆိုတာသိတဲ့အပြင် အကောင်းမြင်စိတ်ပါ ရှိနေမယ်ဆိုရင် အမျိုးအစား ၁ ဆီးချိုရောဂါကို ပိုပြီးကိုင်တွယ်နိုင်ပါလိမ့်မယ်။

အခြေအနေက အရမ်းကိုလေးလံနေသလို ခံစားနေရမယ်ဆိုရင် ဒါက သင်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ တချို့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ကျွမ်းကျင်တဲ့အတိုင်ပင်ခံဆွေးနွေးသူ ဒါမှမဟုတ် ကုထုံးပညာရှင်နဲ့အတူ စီမံဖြေရှင်းလို့ရနိုင်ပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေအတွက် အခွင့်အလမ်းတွေအပြည့်နဲ့ တောက်ပတဲ့အနာဂတ်တစ်ခု ရှိလာနိုင်တယ်ဆိုတာ မမေ့ပါနဲ့။

Icon ရှင်းလင်းချက်