အမျိုးအစား (၁) ဆီးချိုနှင့် ဆယ်ကျော်သက်ဘဝ

တည်းဖြတ်ချက်များ 11.11.2026

စာရေးသူ

Consultant Pediatrician, Myanmar

အမျိုးအစား (၁) ဆီးချိုနှင့် ဆယ်ကျော်သက်ဘဝ

အမျိုးအစား (၁) ဆီးချိုရောဂါ (Type 1 Diabetes) သည် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်က ပန်ကရိယရှိ အင်ဆူလင်ထုတ်ပေးသော ဘီတာဆဲလ်များကို မှားယွင်းတိုက်ခိုက်ဖျက်ဆီးလိုက်သောကြောင့် အင်ဆူလင် လုံးဝမထွက်တော့ဘဲ သွေးအတွင်း သကြားဓါတ်များခြင်းကို ဖြစ်ပေါ်စေသည့် ကလေးများနှင့် လူငယ်များတွင် အဖြစ်များသော နာတာရှည်ရောဂါတစ်မျိုး ဖြစ်သည်။

ငယ်စဉ်ကလေးဘဝတွင် မိဘ အုပ်ထိန်းသူများ၏ ပြုစုစောင့်ရှောက်ပေးမှုဖြင့် သကြားဓါတ်စစ်ဆေးခြင်း၊ အင်ဆူလင်ဆေးထိုးခြင်းများ ပြလုပ်နိုင်ကြသော်လည်း ဆယ်ကျော်သက် အရွယ်ရောက်ရှိလာသည့်အခါတွင်မူ ရောဂါကုသမှု နှင့် သွေးအတွင်းသကြားဓါတ်ထိန်းညှိမှု စသည်များအတွက် စိန်​ခေါ်မှုများ ရှိလာကြသည်။

ဆယ်ကျော်သက်အရွယ် လူငယ်များအနေဖြင့်  မိမိတို့၏  နေ့စဉ်ဘဝတွင် မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် လွတ်လပ်စွာ နေလိုလာကြသည့်အပြင်  သူငယ်ချင်းအပေါင်းအသင်းများ နှင့် ဆက်ဆံရေး၊ ပညာရေး၊ မိမိ ကိုယ်ခန္ဓာပုံပန်းသဏ္ဌာန်ကို အလေးထားလာမှု  နှင့်  အနာဂတ်အိပ်မက် စသည်များက  အရေးပါလာကြသည်။  ထိုအချိန်တွင်နေ့စဉ်အင်ဆူလင်ထိုးခြင်း၊ သွေးချိုစစ်ခြင်းနဲ့ အစားအသောက်ကို တွက်ချက်စားသောက်ရခြင်းများပြုလုပ်နေရသည့် လူငယ်တစ်ယောက်အတွက် ဘဝက ပိုမိုစိန်ခေါ်မှုများရှိလာနိုင်ပါသည်။  သို့သော် သင့်လျော်သည့်ကုသမှု၊ နားလည်မှုနဲ့ ပံ့ပိုးမှုများရှိပါက ဆီးချိုနဲ့အတူ ကျန်းမာလှပသည့် ဘဝကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။  

ဆီးချိုရှိခြင်းဟာ သူတို့ရဲ့အပြစ် မဟုတ်ပါ

အမျိုးအစား (၁) ဆီးချိုဟာ ကိုယ်ခံအားစနစ်က ပန်ကရိယရှိ အင်ဆူလင်ထုတ်ပေးတဲ့ ဆဲလ်တွေကို မှားယွင်းတိုက်ခိုက်ရာမှ  ခန္ဓာကိုယ်အတွင်း အင်ဆူလင်နည်းပါးလာခြင်းကြောင့်  ဖြစ်ပေါ်လာသည့်ရောဂါဖြစ်ပါသည်။ အချိုစားလွန်းတာကြောင့် ဖြစ်တာမဟုတ်သလို အခြားသူတွေဆီ ကူးစက်တတ်တဲ့ရောဂါလည်း မဟုတ်ပေ။ 

အင်ဆူလင်သည် သွေးထဲရှိ သကြားဓာတ်ကို ခန္ဓာကိုယ်ဆဲလ်တွေမှ စွမ်းအင်အဖြစ် အသုံးပြုနိုင်ရန်  ကူညီပေးပါသည်။ အမျိုးအစား (၁) ဆီးချိုရှိသူတွေအတွက် အင်ဆူလင်ဟာ အသက်ရှင်ကျန်းမာဖို့ မရှိမဖြစ်လိုအပ်တဲ့ ကုသမှုဖြစ်ပြီး သောက်ဆေး၊ ဆေးမြီးတို၊ အစားအသောက်ထိန်းခြင်းတို့နဲ့ အစားထိုး၍ မရနိုင်ပါ။

အရွယ်ရောက်လာချိန်မှာ သွေးချိုထိန်းရ ပိုခက်နိုင်ပါတယ်

အပျိုဖော်၊ လူပျိုဖော်ဝင်ချိန် ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ခန္ဓာကိုယ်ရဲ့ အင်ဆူလင်တုံ့ပြန်မှု လျော့နည်းပြီး အင်ဆူလင်လိုအပ်ချက် ပိုများလာနိုင်ပါသည်။ စာမေးပွဲကဲ့သို့သော စိတ်ဖိစီးမှုများ၊ အိပ်ရေးပျက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနှင့် စားသောက်မှုပြောင်းလဲခြင်းတို့ကလည်း သွေးချိုကို အတက်အကျ ဖြစ်စေနိုင်ပါသည်။ မိန်းကလေးများတွင် ရာသီစက်ဝန်းနဲ့အတူ သွေးချိုပြောင်းလဲမှုတွေ တွေ့ရနိုင်ပါသည်။

ထို့ကြောင့်  ပုံမှန်အတိုင်း ဆေးထိုး စားသောက်နေသော်လည်း  သွေးချိုတက်လာခြင်းကို လူငယ်၏ ပေါ့ဆမှုကြောင့်ဟုအလျင်စလို မသတ်မှတ်သင့်ပါ။  သွေးချိုမှတ်တမ်း၊ အစားအသောက်နဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို ဆရာဝန်နှင့် ပြန်လည်ဆွေးနွေးပြီး ကုသမှုကို ညှိနှိုင်းဖို့ လိုပါသည်။ သွေးချိုနံပါတ်ဟာ လူငယ်တစ်ယောက်ရဲ့ အရည်အချင်းကို တိုင်းတာတဲ့အမှတ် မဟုတ်ဘဲ ကုသမှုကို ပြင်ဆင်ဖို့ အသုံးဝင်တဲ့အချက်အလက် ဖြစ်ကြောင်း သတိပြုရန် လိုအပ်ပါသည်။

သူငယ်ချင်းတွေကြား မတူညီသလို ခံစားရခြင်း

သူငယ်ချင်းများ၏ရှေ့တွင်  သွေးချိုစစ်ရတာ၊ ဆေးထိုးရတာကို ရှက်ခြင်း၊ မေးခွန်းတွေ မေးခံရမှာကို ကြောက်ခြင်း၊ ခွဲခြားဆက်ဆံခံရမှာ စိုးရိမ်ခြင်းများ ရှိနိုင်ပါသည်။ အချို့လူငယ်တွေဟာ ဒီလိုအခြေအနေတွေကို ရှောင်ဖို့ ဆေးထိုးချိန်နောက်ကျခြင်း၊ သွေးချိုမစစ်ခြင်းတွေ ပြုလုပ်မိနိုင်ပါသည်။

ဤအခက်အခဲအတွက် ယုံကြည်ရသော  သူငယ်ချင်းနဲ့ ဆရာ၊ ဆရာမတစ်ဦးဦးကို  မိမိရဲ့အခြေအနေ ကြိုတင် အသိပေးထားခြင်းက အထောက်အကူဖြစ်စေပါသည်။ ကျောင်းတွင် သွေးချိုစစ်ဖို့၊ အင်ဆူလင်ထိုးဖို့၊ ရေသောက်ဖို့နဲ့ သွေးချိုကျချိန် အစာစားဖို့ အဆင်ပြေအောင် မိသားစု၊ ကျောင်းနဲ့ ဆီးချိုကုသမှုဌာနတို့မှ ပူးပေါင်းစီစဉ်ပေးသင့်ပါသည်။   

နေ့စဉ်ဆေးထိုး သွေးစစ် လုပ်နေရခြင်းကြောင့် စိတ်ပင်ပန်းလာနိုင်ပါတယ်

လူငယ်တစ်ယောက်အနေဖြင့် နေ့စဉ် အင်ဆူလင်ထိုးခြင်း၊ သွေးချိုစစ်ခြင်းနဲ့ အစားအသောက်ကို အမြဲစဉ်းစားနေရခြင်းဟာ စိတ်ပင်ပန်းစေနိုင်ပါသည်။  “ဘာလို့ ငါပဲ ဒီလိုလုပ်နေရတာလဲ” ဆိုသည့် ခံစားချက်လည်း ပေါ်လာနိုင်ပါသည်။  ယင်းကို  ပျင်းရိခြင်း၊ စကားနားမထောင်ခြင်းဟု ယူဆမည့်အစား  ဘာအခက်အခဲရှိနေလဲဆိုသည်ကို  နားထောင်ပေးသင့်ပါသည်။

ဖုန်းသတိပေးချက်ထားခြင်း၊ နေ့စဉ်လုပ်ငန်းစဉ်နဲ့ ဆေးထိုးချိန်ကို တွဲမှတ်ခြင်း၊ မိသားစုအတွင်း တာဝန်ခွဲဝေခြင်းတို့က အကူအညီဖြစ်နိုင်ပါသည်။ အချိန်ကြာကြာ စိတ်ညစ်နေခြင်း၊ ရောဂါကုသမှုများကို စိတ်ဝင်စားမှုလျော့နည်းလာခြင်း၊  လူများနှင့် ကင်းကွာလာခြင်း၊ အင်ဆူလင်ကို ရည်ရွယ်ချက်ရှိရှိ ချန်ထားခြင်းတို့ဖြစ်ပေါ်လာပါက စိတ်ကျန်းမာရေးဆိုင်ရာ ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးကုသမှုများ ပြုလုပ်သင့်ပါသည်။ 

အစားအသောက်နဲ့ ကိုယ်ခန္ဓာပုံပန်းသဏ္ဌာန်အပေါ် စိုးရိမ်မှု

ဆီးချိုရှိတာကြောင့် ထမင်းနဲ့ အသီးအနှံအားလုံးကို ဖြတ်ပစ်ဖို့ မလိုပါ။ ခန္ဓာကိုယ်  ကြီးထွားနေတဲ့လူငယ်တွေအတွက် အာဟာရပြည့်ဝဖို့ အရေးကြီးပါသည်။ မိမိစားသည့် အစားအစာထဲက ကာဗိုဟိုက်ဒရိတ်ပမာဏကို တွက်ချက်ပြီး မိမိထိုးမည့်  အင်ဆူလင်ပမာဏနှင့် ကိုက်ညီအောင် စီစဉ်စားသောက်တတ်ဖို့ လိုပါသည်။ အင်ဆူလင်အမျိုးအစားအလိုက် အစာစားချိန်မှန်ဖို့ အထူးလိုအပ်နိုင်တာကြောင့် မိမိအတွက် သတ်မှတ်ပေးထားတဲ့ အင်ဆူလင်ကုထုံးကို ကောင်းစွာနားလည် သဘောပေါက်ရန် လိုအပ်ပါသည်။ 

အချို့လူငယ်များအနေဖြင့် ကိုယ်အလေးချိန်တက်မှာ စိုးရိမ်ပြီး အင်ဆူလင်ကို လျှော့ထိုးခြင်း၊ ချန်ထားခြင်းတွေ ပြုလုပ်နိုင်ပါသည်။ ဒီလိုလုပ်ခြင်းက အသက်အန္တရာယ်ရှိတဲ့ ဆီးချိုသွေးအက်စစ်တက်ခြင်း (DKA )ကို ဖြစ်စေနိုင်ပါသည်။  ကိုယ်အလေးချိန်နဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို အပြစ်မတင်ဘဲ နှစ်သိမ့်ဆွေးနွေးပြီး အာဟာရနဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ပေးသင့်ပါသည်။

အားကစားနဲ့ ပုံမှန်လူငယ်ဘဝ လှုပ်ရှားဆောင်ရွက်မှုများမှာ ပါဝင်နိုင်ပါတယ်

ဆီးချိုရှိတဲ့ လူငယ်များလည်း  အားကစားနဲ့ ကျောင်းလှုပ်ရှားမှုတွေမှာ ပါဝင်နိုင်ပါသည်။ သို့သော် လှုပ်ရှားမှုပုံစံအလိုက် သွေးချိုပြောင်းလဲနိုင်ပြီး လေ့ကျင့်ခန်းပြီး နာရီအတော်ကြာမှ သွေးချိုကျတာလည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သွေးချိုစစ်ချိန်၊ အစားအသောက်နဲ့ အင်ဆူလင်ပြင်ဆင်ပုံကို ဆရာဝန်နှင့်  ကြိုတင်ညှိနှိုင်းထားသင့်ပါတယ်။  သွေးအတွင်း သကြားဓာတ်အမြန်တက်စေသည့် အစားအစာ သို့မဟုတ် ဆေးဝါးကို အနီးအနားတွင် ကြိုတင်ယူဆောင်ထားသင့်ပါသည်။

အရေးပေါ်အခြေအနေတွေကို သိထားဖို့ လိုပါတယ်

သွေးချိုကျတဲ့အခါ လက်တုန်ခြင်း၊ ချွေးထွက်ခြင်း၊ ရင်တုန်ခြင်း၊ မူးဝေခြင်း၊ စိတ်တိုလွယ်ခြင်းနဲ့ အာရုံစိုက်မရခြင်းတွေ ဖြစ်နိုင်ပါသည်။  သွေးချို 70 mg/dL အောက်ကျပြီး သတိကောင်းကောင်းရှိကာ မျိုချနိုင်သေးပါက မိမိအတွက် သတ်မှတ်ပေးထားတဲ့  သကြားဓာတ်ပမာဏကို စားသောက်ပြီး ၁၅ မိနစ်အကြာ ပြန်စစ်ရပါမည်။  နည်းနေသေးလျှင် ထပ်မံကုသရန် လိုအပ်ပါသည်။ 

သတိလစ်နေသူ၊ တက်နေသူ၊ မျိုမချနိုင်သူကို ပါးစပ်ထဲ အစာ၊ ရေ၊ သကြား မထည့်ရပါ။ ဘေးတစ်ဖက်စောင်းထားပြီး အရေးပေါ်ဆေးကုသမှု ချက်ချင်းရယူရပါမည်။  Glucagon ရှိပြီး အသုံးပြုနည်းသင်ထားသူရှိပါက သတ်မှတ်ထားသည့်အတိုင်း အသုံးပြုနိုင်ပါသည်။ 

ဖျားနာခြင်း၊ အစာမစားနိုင်ခြင်း၊ အန်ခြင်းများ ဖြစ်ပေါ်ပါက အင်ဆူလင်အားလုံးကို မိမိသဘောနဲ့ မရပ်သင့်ပါ။ ထိုအချိန်များတွင် သွေးတွင်းအင်ဆူလင် ဆက်လက်လိုအပ်ပါသည်။  သွေးချိုမကြာခဏစစ်ခြင်း၊ ketone စစ်နိုင်လျှင် စစ်ဆေးခြင်းနှင့် ဆေးပမာဏပြင်ဆင်ရန် ဆရာဝန် သို့မဟုတ် ကျန်းမာရေးဌာနနှင့် စောစီးစွာတိုင်ပင်ခြင်းတို့ လုပ်ဆောင်သင့်ပါသည်။ အဆက်မပြတ်အန်ခြင်း၊ ဗိုက်နာခြင်း၊ အသက်ပြင်းပြင်းမြန်မြန်ရှူခြင်း၊ အိပ်ငိုက်လွန်ခြင်း၊ အရည်မသောက်နိုင်ခြင်းတို့ရှိရလျှင် ဆေးရုံချက်ချင်းသွားရန် လိုအပ်ပါသည်။

မိသားစုရဲ့ အားပေးနှစ်သိမ့် ထောက်ပံ့ပေးခြင်းက အရေးကြီးပါတယ်

ဆယ်ကျော်သက်ဖြစ်လာသည်နှင့် ဆီးချိုစောင့်ရှောက်မှုအားလုံးကို တစ်ယောက်တည်း တာဝန်ယူနိုင်ပြီလို့ မယူဆသင့်ပေ။  ကိုယ်တိုင်လုပ်တတ်အောင် တဖြည်းဖြည်း လေ့ကျင့်ပေးရင်း မိဘရဲ့ ပံ့ပိုးမှုကို ဆက်လက်ပြုလုပ်ပေးရန်လည်း လိုအပ်ပါသည်။ 

“သွေးချိုဘာလို့ တက်ပြန်တာလဲ” လို့ မေးမည့်အစား  “ဒီနေ့ ဘာအခက်အခဲရှိလဲ၊ ဘာကူညီပေးရမလဲ” လို့ မေးခြင်းက ပိုမိုပွင့်လင်းတဲ့ ဆက်ဆံရေးကို ဖြစ်စေနိုင်ပါသည်။  သွေးချိုရလဒ်ကိုသာ ကြည့်မည့် အစား  ဆေးမှန်မှန်ထိုးရန်  ကြိုးစားခြင်း၊ မှတ်တမ်းရေးခြင်းနဲ့ အခက်အခဲကို ရိုးရိုးသားသား ပြောပြခြင်းတို့ကိုလည်း အသိအမှတ်ပြုပေးသင့်ပါသည်။

အခြေအနေအရ အရင်းအမြစ်ကန့်သတ်မှုရှိတဲ့သည့်နေရာများတွင် အင်ဆူလင်၊ သွေးချိုစစ်ပြားနဲ့ ဆေးခန်းသွားလာစရိတ်တို့က မိသားစုအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နိုင်စေနိုင်ပါသည်။  ဤကဲ့သို့သော အခက်အခဲများကို ဖုံးကွယ်ထားစရာမလိုအပ်ပါ။ ဆေးနှင့် လိုအပ်သည့်ပစ္စည်းများ မကုန်ခင် ဆရာဝန် နှင့် ကုသရေးဌာနသို ကြိုတင်ပြောပြပြီး ရနိုင်သည့် အကူအညီနှင့် အဆင်ပြေမည့် အစီအစဉ်ကို အတူရှာဖွေသင့်ပါသည်။

အမျိုးအစား (၁) ဆီးချိုသည်  ဆယ်ကျော်သက်တစ်ယောက်၏ ဘဝအစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း ၎င်း၏ တန်ဖိုး၊ အရည်အချင်းနဲ့ အနာဂတ်တစ်ခုလုံးကို သတ်မှတ်ပေးသည် မဟုတ်ပါ။ ဆီးချိုရောဂါရှိ လူငယ်များ၏ ရင်ဖွင့် စကားသံကို  နားထောင်ပေးခြင်း၊ လက်တွေ့ကျသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ မိသားစုမှ ပူးပေါင်းပါဝင် နှစ်သိမ့်ကူညီပေးခြင်း နှင့် အခက်အခဲရှိချိန် ဖေးမလက်တွဲပေးခြင်းတို့က ၎င်း၏ ကျန်းမာရေးကိုသာမက မိမိကိုယ်ကို ယုံကြည်မှုကိုပါ တည်ဆောက်ပေးနိုင်ပါမည်ဖြစ်ပါသည်။


မျှဝေရန်
Facebook Telegram

နောက်ထပ်ဆောင်းပါးများကိုရှာဖွေပါ