T1D အချက်အလက်

Icon

ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ

ကျွန်ုပ်တို့အကြောင်း

အင်ဆူလင်နဲ့ သူ့ရဲ့ အမျိုးအစားတွေက ဘာတွေလဲ?

တည်းဖြတ်ချက်များ 06.05.2026

Dr.Khaing Thazin Saw

Pediatrician at The 500-bedded Children’s Hospital, Naypyitaw, Myanmar

အင်ဆူလင်ဆိုတာ ဘာလဲ?

အင်ဆူလင်ဆိုတာ ​သွေးထဲက ဂလူးကို့စ် (အချိုဓါတ်) ပမာဏကို ထိန်းညှိ​ပေးတဲ့ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ် ။ အင်ဆူလင်ရဲ့အလုပ်ကတော့ ခန္ဓာကိုယ်အတွင်းရှိ သကြားဓာတ်တွေကို ကောင်းစွာအသုံးချနိုင်အောင်၊ သို့မဟုတ် စွမ်းအင်အဖြစ် သိမ်းထားနိုင်အောင် လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါနှင့် အင်ဆူလင်

အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေမှာ ကိုယ်ခန္ဓာက အင်ဆူလင်ကို လုံးဝမထုတ်နိုင် (သို့မဟုတ်) အနည်းငယ်သာထုတ်နိုင်ပါတယ်။ အမျိုးအစား (၁) ဆီးချို​ရောဂါရှိသူတိုင်းက အင်ဆူလင်ဓါတ်ရဖို့လိုအပ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ပြင်ပမှ အင်ဆူလင်ကို အရေပြား​အောက်ထဲကို ထိုး​ဆေးအနေနဲ့ထိုးရခြင်းဖြစ်ပါတယ်။

အင်ဆူလင်ကုထုံးရဲ့ ရည်ရွယ်ချက်

အင်ဆူလင်ကုထုံးရဲ့ ယေဘုယျရည်မှန်းချက်ကတော့ ခန္ဓာကိုယ်ရဲ့ တစ်နေ့တာ လိုအပ်တဲ့ အင်ဆူလင်ပမာဏနဲ့ ထိုးသွင်းတဲ့ အင်ဆူလင်ပမာဏ ကိုက်ညီအောင်လုပ်ခြင်းဖြစ်ပြီး သွေးတွင်းအချိုဓာတ်တက်ခြင်း၊ ကျခြင်းတို့ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရေတိုနဲ့ ရေရှည်ပြဿနာတွေကို ရှောင်ရှားနိုင်အောင်ပြုလုပ်ခြင်း ဖြစ်ပါတယ်။

အင်ဆူလင် စထိုးပြီဆိုတဲ့အချိန်မှာ သင့်ခန္ဓာကိုယ်ရဲ့တစ်နေ့တာလိုအပ်တဲ့ အင်ဆူလင်ပမာဏကိုသိဖို့ အချိန်နည်းနည်းယူရတဲ့အတွက် သွေးတွင်းအချိုဓာတ်ကို ခဏခဏ ဖောက်ဖို့လိုပါလိမ့်မယ်။ ဒီ​သွေးချိုဓါတ်အဖြေတွေကနေ သင့်အတွက် သင့်တော်တဲ့ အင်ဆူလင်ပမာဏကို ဆရာဝန်က ချိန်ဆပေးပါလိမ့်မယ်။

 အင်ဆူလင်အမျိုးအစားများ

နေ့စဉ်သုံးစွဲရတဲ့ အင်ဆူလင်ပမာဏနဲ့ အမျိုးအစားတွေကတော့ ဆီးချိုရောဂါသည် တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားမှုရှိနိုင်ပါတယ်။ အချို့ရောဂါသည်တွေဟာ တစ်နေ့ကို ဆေး ၂ကြိမ်ထိုးရပြီး အချို့တွေကတော့ သူတို့ရဲ့ သွေးချိုဓာတ်ကို ထိန်းချုပ်နိုင်ဖို့ တစ်နေ့ကို ၃ကြိမ်နဲ့အထက် ထိုးရတာတွေလည်း ရှိပါတယ်။ သင့်အတွက် အကောင်းဆုံးကို ဆရာဝန်က ချိန်ညှိဆုံးဖြတ်ပေးပါလိမ့်မယ်။

အင်ဆူလင်အမျိုးအစားတွေက ဘာတွေလဲ?

အာနိသင်မြန် အင်ဆူလင်

အာနိသင်မြန်အင်ဆူလင်က အစာစားတဲ့အခါ တက်လာတဲ့ သွေးချိုဓာတ်တွေကို ထိန်းချုပ်ပေးပါတယ်။ အာနိသင်ရဖို့မြန်ပေမယ့် အာနိသင်ဟာ ခန္ဓာကိုယ်ထဲမှာ အချိန်ခဏသာရှိနိုင်ပါတယ်။ ဆေးထိုးရမယ့်အချိန်အတိအကျကတော့ အစာစားမယ့်အချိန်ပေါ် မူတည်ပါတယ်။ အင်ဆူလင်အမျိုးအစားပေါ်မူတည်ပြီး ပုံမှန်အားဖြင့် အစာမစားမီ  နာရီဝက်အတွင်းမှာ အင်ဆူလင်ကို ထိုးရပါတယ်။

အာနိသင်ကြာ အင်ဆူလင်

အာနိသင်ကြာအင်ဆူလင်ရဲ့ သက်တမ်းကတော့ တစ်နေ့လုံးနီးပါး ကြာပါတယ်။ အစားစားချိန် တစ်ခုနဲ့ တစ်ခုကြား တက်လာတဲ့ သကြားဓာတ်ကိုထိန်းညှိပေးလို့ တစ်နေ့တာလုံးရဲ့ သွေးတွင်းအချိုဓာတ်ကို ​နေ့ရောညပါတည်ငြိမ်စေပါတယ်။ အာနိသင်ကြာ အင်ဆူလင်ကို အိပ်ရာဝင်ချိန်မှာ ထိုးရလေ့ရှိပါတယ်။ ဆေးထိုးချိန်အတိအကျကတော့ မိမိအသုံးပြုနေတဲ့ အင်ဆူလင်အမျိုးအစားအပေါ် မူတည်ပါလိမ့်မယ်။ ဒါ​တွေကိုသေချာစွာသိဖို့ ဆရာဝန်/သူနာပြုတို့ကို ​မေးမြန်းရမှာ ဖြစ်ပါတယ်

အင်ဆူလင်ကို ဘာလို့အချိန်မှန်မှန်ထိုးဖို့ အရေးကြီးတာလဲ?

ဆေးထိုးလိုက်တာနဲ့ အင်ဆူလင်ရဲ့ အာနိသင်ကို စတင်ရရှိမှာဖြစ်လို့ ထိုးရမယ့် ဆေးပမာဏနဲ့ ဆေးထိုးချိန်ကို ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့ အင်ဆူလင်ပမာဏနဲ့ သေချာစွာ ချိန်ညှိထားဖို့လိုအပ်ပါတယ်။ ဥပမာ - မိမိအနေနဲ့ သူငယ်ချင်းတွေနဲ့ အပြင်သွားစရာရှိလို့ စားနေကျအချိန်ထက်နောက်ကျမယ်ဆိုရင် အင်ဆူလင်ကို မထိုးပါနဲ့ဦး။ စားနေကျ အချိန်ရောက်တဲ့အခါ သရေစာလို မုန့်တစ်ခုခုစားထားပါ။ ဆေးကို​နောက်မှထိုးပါ။

အစားအသောက်နဲ့ လေ့ကျင့်ခန်း

ဒါ့အပြင် ဆီးချိုရောဂါရှိသူတွေဟာ အင်ဆူလင်​ဆေးထိုးခြင်းအပြင် နေ့စဉ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို ချိန်ဆထားတဲ့အတိုင်းစားသုံးပြီး လေ့ကျင့်ခန်းတွေကိုပါ အနည်းဆုံး မိနစ် ၃၀ လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့ ပိုမိုလွယ်ကူစေပါလိမ့်မယ်။ ​မိမိလုပ်တဲ့​လေ့ကျင့်ခန်း အစားအသောက်တွေကြောင့် အင်ဆူလင်ပမာဏကို ကိုယ်တိုင်အချိန်အဆ လုပ်ဖို့ခက်နေရင် ဆီးချိုရောဂါ ကုသစောင့်ရှောက်ရေးအဖွဲ့တွေကို မေးမြန်းဖို့လိုအပ်ပါတယ်။

သတိထားရန်

အင်ဆူလင်ထိုးရတဲ့သူတွေမှာ ဖြစ်လေ့အရှိဆုံးပြဿနာတစ်ခုကတော့ သွေးချိုကျခြင်း (ဟိုက်ပို)ပဲဖြစ်ပါတယ်။ အင်ဆူလင်ပုံမှန်ထိုးရတဲ့သူတွေမှာ အချိန်မရွေး သွေးတွင်းအချိုဓာတ် ကျနိုင်တယ်ဆိုပေမယ့် အစာကိုပုံမှန်​စားသလောက်မစားမိတဲ့အချိန် ဒါမှမဟုတ် လေ့ကျင့်ခန်းပိုလုပ်မိတဲ့အချိန်တွေမှာ ပိုပြီးသွေးချိုကျနိုင်ပါတယ်။ ဆီးချိုရောဂါစဖြစ်တဲ့ အစောပိုင်းကာလတွေမှာလည်း သွေးချိုကျတာ ပိုဖြစ်တတ်ပါတယ်။

သွေးချိုက အမြဲလိုလိုကျနေတတ်ရင်တော့ အင်ဆူလင်လျှော့ထိုးဖို့၊ စားတဲ့ အစားအသောက်ပြောင်းဖို့လိုတာတွေ ဖြစ်နိုင်လို့ ဆီးချိုကုသစောင့်ရှောက်ရေးအဖွဲ့ကို ဆက်သွယ်ပြီး မိမိရဲ့ သွေးချိုဓာတ်တွေ ပုံမှန်ပမာဏအတွင်းရှိဖို့ သူတို့ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။


အင်ဆူလင်ကုထုံးနဲ့ ပတ်သက်တဲ့ ဉာဏ်စမ်းမေးခွန်းတွေကို အခုပဲ ဖြေဆိုလိုက်ပါ။

Icon ရှင်းလင်းချက်