T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
အမျိုးအစား ၁ ဆီးချိုရောဂါသည်တွေ ဖျားနာတဲ့အခါ သွေးတွင်းအချိုဓာတ်ကို ဘယ်လိုထိန်းမလဲ?
တည်းဖြတ်ချက်များ 21.05.2026
အမျိုးအစား ၁ ဆီးချိုရောဂါရှိသူများတွင်လည်း အခြားလူများလိုပင် ဖျားနာခြင်း၊ အအေးမိခြင်း၊ တုပ်ကွေးဖြစ်ခြင်းများ ဖြစ်တတ်ပါတယ်။ သို့သော် ဖျားနာခြင်းသည် သွေးတွင်းအချိုဓာတ်အပေါ် ထိခိုက်မှုများစွာ ဖြစ်စေနိုင်သောကြောင့် ပိုမိုသတိပြုရန် လိုအပ်ပါတယ်။
ဖျားနာတဲ့အချိန်တွေမှာ သွေးတွင်းအချိုဓာတ်ကို အလွန်ခန့်မှန်းရခက်ပါတယ်။ ဖျားနာနေမကောင်းဖြစ်ခြင်းက ဆီးချိုအပေါ်ကို ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာလည်း သေချာမသိနိုင်ပါဘူး။ ဒါကြောင့် ဆီးချိုရောဂါရှိသူတွေ နေထိုင်မကောင်းဖြစ်တဲ့အခါ မိမိရဲ့ သွေးတွင်းအချိုဓာတ်ကို ပုံမှန်ထက်ပိုပြီး မကြာခဏ စစ်ဆေးဖို့နဲ့ အင်ဆူလင်ဆေးတွေကို လိုသလိုချိန်ညှိဖို့ အရေးကြီးပါတယ်။
ဖျားနာခြင်း၊ ကိုယ်အပူချိန်မြင့်ခြင်းများဖြစ်သောအခါ ခန္ဓာကိုယ်က ရောဂါပိုးကို တိုက်ဖျက်ရန် စွမ်းအင်ပိုမိုလိုအပ်လာပြီး အင်ဆူလင်၏ အကျိုးသက်ရောက်မှုကို လျော့နည်းစေတတ်ပါတယ်။
ဆဲလ်များသည် ဂလူးကိုစ်ကိုအသုံးပြုရန်အတွက် အင်ဆူလင်ပိုမိုလိုအပ်လာနိုင်သလို
မလုံလောက်ပါက ခန္ဓာကိုယ်သည် အဆီနှင့် ကြွက်သားများကို ဖြိုခွဲ၍ စွမ်းအင်ထုတ်လုပ်ခြင်း (ketogenesis) ပြုလုပ်တတ်တယ်။
ထိုကဲ့သို့ဖြစ်လာလျှင် “ကီတုန်း” (Ketone bodies) ဆိုသည့် အပျက်ဓာတ်များ သွေးထဲတွင် စုဆောင်းလာပြီး “ဆီးချိုဆိပ်တက်ခြင်း” (Diabetic Ketoacidosis - DKA) ဖြစ်ပေါ်စေနိုင်ပါတယ်။
အင်ဆူလင်ကို လုံးဝ မရပ်ရပါ။ သွေးအချိုဓာတ်နှင့် အစားအစာအခြေအနေကို သုံးသပ်ပြီး အင်ဆူလင်ပမာဏကို တဖြည်းဖြည်းချိန်ညှိရပါမည်။
သွေးအချိုဓာတ်ကို ပုံမှန်ထက် မကြာခဏစစ်ဆေးပါ။ Strip ပြားများရှိပါက တစ်နေ့ ၃-၄ ကြိမ် စစ်ဆေးရန်။ အခြေအနေမကောင်းလျှင် ၂-၄ နာရီခြား စစ်ပါ။
အရည်များများ သောက်ပါ။
အစာစားခြင်းကို မလျော့ပါနှင့်။ မိမိစားနိုင်သလောက် နည်းနည်းချင်း သတ်မှတ်အချိန်အတိုင်း စားသုံးပါ။
အဖျားကျအောင် ဆောင်ရွက်ပါ။ ခန္ဓာကိုယ်အပူချိန်မြင့်နေခြင်းသည် သွေးချိုတက်ခြင်းကိုပိုမိုဆိုးရွားစေနိုင်ပါသည်။
ကီတုန်းဓာတ်ကို စောင့်ကြည့်ပါ။ Ketone Strip ပြား ဖြင့် ဆီး/သွေးကနေ စစ်ဆေးနိုင်သည်။ မိမိအိမ်တွင်မရှိပါက ကျန်းမာရေးဌာနသို့သွားပါ။
အသက်ရှူထုတ်လျှင် သစ်သီးနံ့ဆန်ဆန် စိမ်းရွှင်ရွှင်အနံ့ရှိခြင်း
အရမ်းရေငတ်ခြင်း၊ အိမ်သာ ခဏခဏသွားခြင်း
ပင်ပန်းခြင်း၊ ဝမ်းဗိုက်နာခြင်း
အသက်ရှူရခက်ခြင်း၊ အသက်ရှိုက်ရှုရခြင်း
သတိလစ်ခြင်း၊ သတိဉာဏ်ရှုပ်ထွေးခြင်း၊တက်ခြင်း
ထိုလက္ခဏာများရှိပါက ဆီးချိုဆိပ်တက်ခြင်းဖြစ်နိုင်သောကြောင့် ချက်ချင်းဆရာဝန်ကို ဆက်သွယ်ရန်လိုအပ်ပါသည်။
ကီတုန်းမရှိ/နည်းနည်းရှိနေသော်လည်း သွေးချိုတက်နေပါက –
တစ်နေ့တာ အာနိသင်မြန်အင်ဆူလင်ပမာဏ၏ ၅–၁၀% ကို ထိုးပါ။
၂–၄ နာရီခြား တစ်ကြိမ် ထပ်ထိုးနိုင်သည်။
ကီတုန်းအတော်အသင့်/အများအပြားရှိနေပြီး သွေးချိုတက်နေပါက –
တစ်နေ့တာ အင်ဆူလင်ပမာဏ၏ ၁၀–၂၀% ကို ထိုးပါ။
ထပ်မံစစ်ဆေးခြင်းနှင့် ထပ်ထိုးခြင်းများအတွက် ဆရာဝန်ညွှန်ကြားချက်လိုအပ်ပါသည်။
ဆီးချိုဆိပ်တက်ခြင်း(DKA ) ဖြစ်နိုင်ချေရှိသောကြောင့် ဆရာဝန်သို့ ချက်ချင်းဆက်သွယ်ပါ။သို့မဟုတ် ဆေးရုံ/ဆေးခန်းသို့ ချက်ချင်းသွားရောက်ပြသပါ။
ဖျားနာခြင်းသည် ဆီးချိုရောဂါသည်များတွင် သွေးအချိုဓာတ်ပြောင်းလဲမှုများစွာ ဖြစ်စေနိုင်ပြီး ဆိုးရွားသော ဆီးချိုဆိပ်တက်ခြင်းစသည့်အန္တရာယ်များဖြစ်စေနိုင်ပါသည်။
ထိုကြောင့်—
• သွေးအချိုဓာတ်ကို မကြာခဏစစ်ပါ
• အင်ဆူလင်ကို မှန်မှန်ထိုးပါ
• ရေ၊ အစာမလျော့ပါနှင့်
• လက္ခဏာများတိုးလာပါက ချက်ချင်း ဆရာဝန်ဆီသွားရန် မပျက်မကွက်လုပ်ဆောင်ပါ။