T1D အချက်အလက်

Icon

ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ

ကျွန်ုပ်တို့အကြောင်း

အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေအတွက် #စကားတွေက ဘယ်လိုအရေးပါသလဲ

တည်းဖြတ်ချက်များ 06.05.2026

Prof Cho Cho Win

Professor of Pediatrics at the 500-bedded Children’s Hospital, Naypyitaw, Myanmar

၁။ အမျိုးအစား ၁ဆီးချိုရောဂါရှိသူတွေအတွက် စကားလုံးများသည် အထောက်အပံ့နှင့် အားပေးနှစ်သိမ့်မှု ဖြစ်စေနိုင်ပါတယ်

ကျန်းမာရေးစောင့်ရှောက်မှုရဲ့ အဓိကအစိတ်အပိုင်းတစ်ခုက ကောင်းမွန်တဲ့ ဆက်သွယ်ရေးရှိဖို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးအစား ၁ ဆီးချိုရောဂါလို နာတာရှည်ရောဂါကို ပြုစုစောင့်ရှောက်ရတဲ့အခါမျိုးမှာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြုစုစောင့်ရှောက်သူတွေဟာ အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေရဲ့ ဘဝတွင် အရေးပါသူများဖြစ်ကြပြီး သူတို့ရဲ့ အားပေးစကားများဟာ  အမျိုးအစား ၁ဆီးချိုရောဂါရှိသူတွေအတွက် စိတ်ခံစားချက်ပိုင်းဆိုင်ရာ အထောက်အပံ့နှင့် ယုံကြည်မှု ကိုပေးနိုင်ပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေရဲ့ စိတ်ခံစားချက်ကျန်းမာရေးဟာ သူတို့ကိုထောက်ပံ့ပေးနေတဲ့ ပြုစုစောင့်ရှောက်သူတွေနဲ့ ကျန်းမာရေးပညာရှင်တွေရဲ့ စကားတွေကြောင့် အကျိုးကျေးဇူးပိုရနိုင်တာဖြစ်ပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေဟာ ကျွန်တော်တို့ ပြောဆိုတဲ့ စကားတွေရဲ့ တိုက်ရိုက် ရလဒ်အတိုင်း အရည်အသွေးမြင့်တဲ့ဘဝကို ရရှိနိုင်ပါတယ်။

ကုထုံးအစီအစဉ်အတိုင်း လိုက်နာဖို့နဲ့ စိတ်ပိုင်းဖြတ်ထားတဲ့အရာတိုင်းကို အောင်မြင်ပြီးမြောက်ဖို့ အားပေးစကားတွေက ကူညီပေးနိုင်ပါတယ်။

၂။ အပြစ်တင်ခြင်း၊ အရှက်ရစေခြင်းတွေ ကင်းစေခြင်း

အမျိုးအစား ၁ ဆီးချိုရောဂါဟာ အကြောင်းရင်းတွေများစွာရဲ့ လွှမ်းမိုးထားခြင်းခံရတဲ့ စိန်ခေါ်မှုများတဲ့ရောဂါတစ်မျိုးပါ။

ကျန်းမာရေးပညာရှင်တွေနဲ့ ပြုစုစောင့်ရှောက်သူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်မြင့်တက်တာ ဒါမှမဟုတ် တခြားနောက်ဆက်တွဲတွေလို ပြဿနာတွေရှိလာတဲ့အခါ အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေကို အပြစ်မတင်ဖို့ ဒါမှမဟုတ် အရှက်မရစေဖို့လိုပါတယ်။

ကြင်နာပေး၊ ချစ်ခင်ပေး၊ စာနာနားလည်ပေးပြီး ဝေဖန်သုံးသပ်မှုမပါတဲ့ အကူအညီကို ကမ်းလှမ်းမယ်ဆိုရင် ကောင်းမွန်တဲ့ သက်ရောက်မှုကို ရပါလိမ့်မယ်။

ဥပမာ "ကျန်းမာရေးနဲ့ ပိုပြီးညီတာတွေ စားခဲ့သင့်တာ" လို့ပြောတာထက် "တစ်ခါတစ်လေတော့ အမှားလုပ်မိတတ်ပါတယ်၊ နောက်ကို ပိုသင့်တော်တဲ့ အစားအသောက်တွေ ရွေးချယ်တတ်ဖို့အကြောင်း စကားပြောကြရအောင်"ဆိုတာမျိုး ပြောပေးတာက ကွာခြားမှု အတော်ကြီးမားနိုင်ပါတယ်။ ဒါဟာ အမျိုးအစား ၁ဆီးချိုရောဂါရှိသူတွေအတွက် အထောက်အပံ့ပေးဖို့ အကောင်းဆုံးနည်းလမ်းပါ။

လူတွေကို ကိုယ့်ကိုယ်ကိုနဲ့ပတ်သက်ပြီး ခံစားသွားရစေတဲ့ စကားမျိုးတွေက သူတို့ရဲ့ ကိုယ့်ကိုယ်ကိုအလေးထားမှုကို လျော့ကျစေပြီး စိတ်ကျန်းမာရေးကို ပိုဆိုးစေနိုင်သလို သွေးတွင်းသကြားဓာတ်ပမာဏကို ပုံမှန် ထိန်းသိမ်းဖို့ ပိုခက်ခဲစေနိုင်ပါတယ်။

လူနာတစ်ယောက်ကို ကိုယ်ကိုယ်ကိုတန်ဖိုးရှိကြောင်း ပိုခံစားလာရစေဖို့ အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေကို "အမျိုးအစား ၁ ဆီးချိုရောဂါရှိသူ" ဒါမှမဟုတ် "ဆီးချိုရောဂါရှိသူ"ဆိုတာမျိုး တခြားသူတွေနဲ့ သီးခြားဖြစ်တဲ့ လူပုဂ္ဂိုလ်အဓိကထားတဲ့ စကားအသုံးအနှုန်းကို သုံးတာအကောင်းဆုံးပါပဲ။

ဒီလိုအသုံးပြုထားတဲ့ စကားလုံးတွေက အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတစ်ဦးကို ခံစားချက်ပိုကောင်းစေပြီး စိတ်ခွန်အားပိုရှိလာစေနိုင်ပါတယ်။ 

၃။  ကိုယ်ချင်းစာမှုနဲ့ စာနာရိုင်းပင်းမှုကို ပြသခြင်း

ဆီးချိုရှိသူတွေကို ထောက်ပံ့ပေးဖို့ နောက်နည်းလမ်းတစ်ခုက ကိုယ်ချင်းစာပေးခြင်း ဖြစ်ပါတယ်။ ကိုယ်ချင်းစာပေးခြင်းဟာ ကူညီထောက်ပံ့ရေး စကားပြောဆိုခြင်းရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုပေးရသူတွေအနေနဲ့ အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေရဲ့ နေ့စဉ်ရင်ဆိုင်နေရတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာပြဿနာနဲ့ အခက်အခဲတွေကို နားလည်ပြီး

 သူတို့အပေါ် ဂရုစိုက်ပါလားလို့ ခံစားမိလောက်အောင် ကြင်နာတဲ့စကားလေးတွေ ဆိုပြောပေးခြင်းက သူတို့ရဲ့စိတ်ခံစားချက်ကို များစွာ ပြောင်းလဲသွားစေနိုင်ပါတယ်။

"""သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့လိုနေပြီ""လို့ပြောမယ့်အစား ""သွေးတွင်းသကြားဓာတ်ကိုထိန်းညှိဖို့ စိန်ခေါ်မှုတွေရှိတယ်ဆိုတာ နားလည်ပါတယ်၊ ဒါပေမယ့် အဖြေကို ကူရှာပေးဖို့ ကျွန်တော်တို့တွေ ရှိပါတယ်""လို့ ပြောကြည့်သင့်ပါတယ်။

ဒီလိုစကားလုံးလေး နည်းနည်းပြောင်းလဲလိုက်တာကနေ အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေနဲ့ သူတို့ရဲ့အခက်အခဲတွေကို ကူညီ၊ လမ်းညွှန်၊ ထောက်ပံ့ပေးဖို့ သင်ဆန္ဒရှိကြောင်း ပြသလိုက်ခြင်းဖြစ်ပါတယ်။

၄။ ရှင်းလင်းပြီး အပြုသဘောဆောင်တဲ့ တွန်းအားပေးမှု

အမျိုးအစား ၁ ဆီးချိုရောဂါကို ဂရုစိုက်တဲ့အခါ သွေးတွင်းသကြားဓာတ်ပမာဏ စစ်ဆေးရတာ၊ အင်ဆူလင်ထိုးတာ၊ သင့်တော်တဲ့ အစားအသောက်ရွေးချယ်မှုလုပ်တာတို့လို နေ့စဉ်တာဝန်တွေအများကြီး လိုအပ်ပါတယ်။

ကျန်းမာရေးပညာရှင်တွေနဲ့ ပြုစုစောင့်ရှောက်သူတွေအနေက အကူအညီမဖြစ်ဘဲ အရှက်ရစေတဲ့ မှတ်ချက်တွေနဲ့ မေးခွန်းတွေထက် ရှင်းလင်းတဲ့ လမ်းညွှန်မှုတွေ၊ အပြုသဘောဆောင်တဲ့ တွန်းအားပေးမှုတွေကို ပေးသင့်ပါတယ်။

"""အင်ဆူလင်ကိုလည်း ကောင်းကောင်းမထိုးဘူး""လို့ပြောတာထက် ""သွေးတွင်းသကြားဓာတ် အခြေအနေပိုကောင်းအောင် အင်ဆူလင်ထိုးတာတွေ အတူချိန်ညှိရအောင်""လို့ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့အားပေးမှု ပေးနိုင်ပါတယ်။

ဒီနည်းလမ်းက အတူအလုပ်လုပ်ချင်လာအောင် လှုံ့ဆော်ပေးနိုင်သလို အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေ ကိုယ်တိုင် ကုသစောင့်ရှောက်မှုမှာ ပါဝင်လာချင်စိတ် ဖြစ်လာစေပါတယ်။

၅။ အားပေးတဲ့ မေးခွန်းတွေနဲ့ ပွင့်လင်းတဲ့ စကားဝိုင်း

အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေအတွက် မေးခွန်းမေးမြန်းတာနဲ့ သူတို့ရဲ့ စိုးရိမ်မှုတွေကို ဖွင့်ဟရာမှာ လုံခြုံစိတ်ချမှုခံစားရစေဖို့ ထောက်ပံ့အားပေးတဲ့ ပြောဆိုဆက်သွယ်မှုကတစ်ဆင့် ဘေးကင်းလုံခြုံတဲ့နေရာလေးတစ်ခု တည်ဆောက်ပေးရပါမယ်။ ဒါဟာ ဆီးချိုရှိသူတွေအတွက် ထောက်ပံ့ပေးဖို့ အရေးကြီးတဲ့ နောက်ထပ်နည်းလမ်းတစ်ခုပါ။

အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေ ဘာတွေသိထားလဲ ဒါမှမဟုတ် ဘာတွေခံစားနေရလဲဆိုတာ မခန့်မှန်းပါနဲ့။ အဲ့ဒါအစား "ကုထုံးအစီအစဉ်နဲ့ ပတ်သက်ပြီး ဘာတွေမေးချင်လဲ"ဆိုတာနဲ့ "ဆီးချိုရောဂါကို စီမံထိန်းညှိတာနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရလဲ"ဆိုတာမျိုး မေးလိုက်ပါ။

ဒီနည်းလမ်းက အဖွဲ့လိုက်လုပ်ဆောင်မှုသဘောကို တည်ဆောက်ပေးနိုင်သလို အမျိုးအစား ၁ ဆီးချိုရောဂါရှိသူရဲ့ ဖွင့်ဟမှုကိုလည်း သိရစေပါတယ်။

#စကားလုံးဆိုင်ရာ လှုပ်ရှားမှုဟာ အပြုသဘောဆောင်ပြီး ခွန်အားပေးတဲ့နည်းလမ်းနဲ့ ပြောဆိုဆက်သွယ်ခြင်းက ဘယ်လောက်အရေးကြီးလဲဆိုတာကို ပြသနေကြောင်း ဆီးချိုလူ့အသိုက်အဝန်းအတွင်း သုတေသနတွေအများကြီးမှာ လုပ်ဆောင်ခဲ့ပါတယ်။

၆။ ပြီးမြောက်အောင်မြင်မှုတွေကို အသိအမှတ်ပြုပေးခြင်း

အမျိုးအစား ၁ ဆီးချိုရောဂါကို ရင်ဆိုင်ရတာဟာ နေ့တိုင်း အခက်အခဲတွေ၊ အောင်မြင်မှုတွေနဲ့ ပြည့်နေတဲ့ တစ်သက်တာ လျှောက်လမ်းရမယ့် ခရီးလမ်းတစ်ခုဖြစ်ပါတယ်။ 

အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေကို ပြုစုစောင့်ရှောက်ပြီး အတူအလုပ်လုပ်ရသူတွေအနေနဲ့ သူတို့တွေရဲ့ ပြီးမြောက်အောင်မြင်မှုတွေကို သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ အသိအမှတ်ပြု၊ ချီးမွမ်းပေးလို့ရပါတယ်။

ဒါဟာ တာရှည်ခံပြီး သူတို့ရဲ့ အောင်မြင်မှုကို ထောက်ပံ့ပေးတဲ့နည်းလမ်းနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုကို မြှင့်တင်ပေးနိုင်ပါတယ်။

ဥပမာ လူနာတစ်ယောက်က သွေးတွင်းသကြားဓာတ်ကို တစ်ပတ်လောက် ရှိသင့်တဲ့ပမာဏအတွင်း ထိန်းထားနိုင်တယ်ဆိုရင် "သွေးတွင်းသကြားဓာတ်ကို ရှိသင့်တဲ့ အတိုင်းအတာအတွင်း ထိန်းထားနိုင်တဲ့ အားထုတ်လုပ်ဆောင်မှုအတွက် ဂုဏ်ယူပါတယ်။ ကြိုးစားမှုက အောင်မြင်ပါတယ်”လို့ ပြောပြပါ။

ဒီလိုမျိုး စကားကောင်းလေးတွေကြားရတာက စိတ်ချမ်းသာစေသလို အမျိုးအစား ၁ဆီးချိုရောဂါရှိသူတွေအတွက် စိတ်ပိုင်းဆိုင်ရာထောက်ပံ့အားပေးမှု ပေးနိုင်တဲ့နည်းလမ်းတစ်ခုပါ။ အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်အနားတဝိုက်ကသူတွေကို ဂရုစိုက်ဖို့ ခံစားချက်ပိုကောင်းစေနိုင်ပါတယ်။ သင့်ရဲ့ ကြင်နာတဲ့လုပ်ရပ်တွေက သူတို့တွေကတဆင့် တခြားသူတွေဆီ လက်ဆင့်ကမ်းစေနိုင်ပါတယ်။

၇။ စကားလုံးတွေက သက်ရှိပါပဲ

သင့်တော်တဲ့ စကားလုံးတွေနဲ့ ထောက်ပံ့အားပေးတဲ့ စကားပြောဆိုမှုဟာ အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေနဲ့ ပြောဆိုဆက်သွယ်ရေးမှာ သိပ်ကိုအသုံးဝင်ပါတယ်။

ကိုယ်ချင်းစာနာပေးပြီး ကဲ့ရဲ့အပြစ်ဆိုခြင်းကင်းတဲ့ စကားလုံး၊ ရှင်းလင်းတဲ့ လမ်းညွှန်ချက်တွေ၊ ပွင့်လင်းတဲ့ ပြောဆိုဆက်သွယ်မှု၊ အပြုသဘောဆောင်တဲ့ ကန့်သတ်မှုနဲ့ အသိအမှတ်ပြုပေးခြင်းတို့က အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ ခံစားချက်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။

စကားလုံးတွေကို ဉာဏ်ရှိရှိရွေးချယ်ပြီး တစိုက်မတ်မတ် ထောက်ပံ့အားပေးတာက အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေ ဒီရောဂါကို ယုံကြည်မှုနဲ့ ခံနိုင်ရည်ရှိရှိရင်ဆိုင်နိုင်အောင် ကူညီပေးပြီး သူတို့ရဲ့ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ပါတယ်။

ဆီးချိုရှိသူတွေအပေါ် သုံးနှုန်းတဲ့ စကားလုံးတွေတိုင်းက အရေးကြီးပါတယ်။အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ ကောင်းစွာနေထိုင်နိုင်ဖို့ အားလုံးဝိုင်းဝန်း အဖြေရှာရမှာဖြစ်ပါတယ်။

Icon ရှင်းလင်းချက်