T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
အစာအာဟာရနဲ့ ကစီဓာတ်တို့ရဲ့ အခြေခံသဘောတရားကို နားလည်ခြင်း
တည်းဖြတ်ချက်များ 06.05.2026
ကျွန်ုပ်တို့ နေ့စဉ်စားတဲ့အစားအသောက်တွေဟာ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးလို့ အလွန်အရေးကြီးပါတယ်။
အစာကနေ အဓိကအာဟာရဓာတ်တွေဖြစ်တဲ့ ကစီဓာတ် (ကာဗိုဟိုက်ဒရိတ်) ၊ အသားဓာတ် (ပရိုတင်း)နဲ့ အဆီဓာတ်တွေအပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တို့လို အာဟာရဓာတ်ငယ်တွေပါ ရရှိနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားတဲ့အစားအစာတွေမှာ အာဟာရဓာတ်အားလုံး အချိုးကျကျပါဝင်ဖို့ လိုပါတယ်။ ဒါ့အပြင် ကိုယ်ခန္ဓာရေဓာတ်ပြည့်ဝဖို့လည်း ရေများများသောက်သင့်ပါတယ်။
ဒီအာဟာရဓာတ်တွေရဲ့ လုပ်ငန်းကဏ္ဍတွေကဘာတွေလဲ?
"-ကာဗိုဟိုက်ဒရိတ် - ဦးနှောက်နဲ့ ကိုယ်ခန္ဓာအတွက် အဓိကစွမ်းအင်ရင်းမြစ်ဖြစ်ပါတယ်။
-ပရိုတင်း – ကိုယ်ခန္ဓာတစ်ရှူးများ ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ပြုပြင်ထိန်းသိမ်းဖို့ ကူညီပေးပါတယ်။
- အဆီ – ကိုယ်ခန္ဓာကြီးထွားဖို့နဲ့ ကိုယ်လက်လှုပ်ရှားမှုအတွက် လိုအပ်တဲ့စွမ်းအင်ကိုပေးပါတယ်။
- ဗိုက်တာမင်နဲ့ သတ္တုဓာတ်များ - ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာများကို ထိန်းညှိပေးပြီး ကိုယ်ခန္ဓာကို ကျန်းမာစေပါတယ်။
ဆီးချိုရောဂါရှိသူတွေဟာ ကစီဓာတ်အားလုံးကို ရှောင်စရာမလိုပါဘူး။ ဒါပေမယ့် စားသင့်တဲ့ ကစီဓာတ်ပမာဏနဲ့ ဆီးချိုနဲ့ တည့်တဲ့/မတည့်တဲ့ ကစီဓာတ်အမျိုးအစားတွေကို ကွဲကွဲပြားပြားသိဖို့တော့ အရေးကြီးပါတယ်။
အစိမ်းရောင် ရှိတဲ့ ဟင်းသီးဟင်းရွက်နှင့် အချို့သောဟင်းသီးဟင်းရွက်တွေမှာ သဘာဝအချိုဓာတ်သာ ပါဝင်လို့ သွေးတွင်းသကြားဓာတ်ကို ဖြည်းဖြည်းချင်းသာ မြင့်တက်စေပါတယ်။
ဒါပေမယ့် အချိုရည်နဲ့ အချိုပွဲမုန့်တို့လို အစားအစာတွေကတော့ သွေးတွင်းသကြားဓာတ်တွေကို မြန်မြန်မြင့်တက်စေလို့ ဆီးချိုနဲ့ မတည့်ပါဘူး။
ကစီဓာတ်၊ အင်ဆူလင်နဲ့ လေ့ကျင့်ခန်းတွေကို ဟန်ချက်ညီညီ ထိန်းကျောင်းနိုင်ခြင်းဖြင့် သင့်အား သင့်အစားအစာတွေကို ကောင်းမွန်စွာစားနိုင်အောင်နဲ့ တစ်ချိန်တည်းမှာ ကျန်းမာသန်စွမ်းနေအောင်လည်း ကူညီပေးနိုင်ပါတယ်။
ကစီဓာတ်ကို ဘယ်လိုအစားအစာတွေမှာ တွေ့နိုင်သလဲ?
- ကစီဓာတ်များသော အစားအစာများ (ဥပမာ- ဆန်၊ ပြောင်း၊ အာလူး၊ ခေါက်ဆွဲ၊ ရွှေဖရုံသီး၊ ပိန်းဥ)
- နို့နှင့် နို့ထွက်ပစ္စည်းများ (ဥပမာ- နွားနို့၊ ပဲနို့)
- သစ်သီးဝလံများ (ဥပမာ- သင်္ဘောသီး၊ သရက်သီး၊ နာနတ်သီး၊ ဖရဲသီး၊ လိမ္မော်သီး)
- ဟင်းသီးဟင်းရွက်များ (ဥပမာ- ခရမ်းသီး၊ ခရမ်းချဉ်သီး၊ သခွားသီး၊ မှိုနှင့် အစိမ်းရောင်ရှိသော အရွက်များ)
-ချိုသော အစားအသောက်များ (ဥပမာ- ကိုကာကိုလာ၊ သစ်သီးဖျော်ရည်၊ နွားနို့၊ သကြားလုံး၊ ကိတ်မုန့်) ၊ ဆီများများနဲ့ကြော်ထားသော မုန့်များ ( ဥပမာ-အာလူးကြော်၊ ငါးမုန့်ကြော် နှင့် လေဖောင်းမုန့်များ
Fast food လို့ လူသိများတဲ့ အသင့်စားအစားအစာတွေစားခြင်းဟာ အန္တရာယ်ရှိပါတယ်။ အသင့်စားအစားအစာတွေဟာ သင့်ရဲ့သွေးတွင်းအချိုဓာတ်ကို များစွာတက်စေတဲ့အတွက် အန္တရာယ်ရှိပါတယ်။
အစာစားပြီးတဲ့အခါ ခန္ဓာကိုယ်က ကစီဓာတ်ကို ဂလူးကို့စ်အဖြစ်ပြောင်းလဲပြီး သွေးကြောထဲကို ရောက်ဖို့ အချိန်တစ်ခုလိုပါတယ်။ ဒါဟာ မိမိစားလိုက်တဲ့ အစားအစာနဲ့ ပါဝင်တဲ့ ကစီဓာတ်အမျိုးအစားအပေါ် မူတည်ပါတယ်။
အချို့သော ကစီဓာတ်ပါတဲ့ အစားအစာတွေက သွေးတွင်းအချိုဓာတ်ကို လျင်မြန်စွာ မြင့်တက်စေပြီး တချို့ အစားအစာတွေကတော့ ဖြည်းဖြည်းချင်းသာ တက်စေပါတယ်။
သွေးချိုဓာတ်အညွှန်းကိန်းဆိုတာ စားလိုက်တဲ့ အစာတစ်ခုဟာ သွေးတွင်းအချိုဓာတ်ကို ဘယ်လောက် မြန်မြန်နဲ့များများ တက်စေသလဲဆိုတာကို တိုင်းတာခြင်းဖြစ်ပါတယ်။
သွေးချိုဓာတ်အညွှန်းကိန်းမြင့်မားတဲ့ အစားအစာတွေဟာ သွေးချိုဓာတ်အညွှန်းကိန်းနိမ့်တဲ့အစားအစာတွေထက် သွေးတွင်းသကြားဓာတ်ကို ပိုပြီးမြန်မြန်တက်စေပါတယ်။
ဥပမာအနေနဲ့ မြန်မာနိုင်ငံမှာ စားလေ့ရှိကြတဲ့ အဓိကအစားအစာ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်အများစုရဲ့ သွေးချိုဓာတ်အညွှန်းကိန်းကို အောက်မှာ တွေ့နိုင်ပါတယ်။
အဝါရောင် အမျိုးအစား - များများစားနိုင်သည်။
လိမ္မော်ရောင် အမျိုးအစား - အတော်အသင့် စားနိုင်သည်။
အနီရောင် အမျိုးအစား - ရှောင်ကြဉ်ပါ သို့မဟုတ် ညွှန်ကြားထားသည့် ပမာဏမျှသာ စားပါ။

ကစီဓာတ်၊ အသားဓာတ်နဲ့ အဆီဓာတ်တို့ကို ဟန်ချက်ညီညီ စားသုံးခြင်းအပြင် အောက်ဖော်ပြပါနည်းလမ်းတွေနဲ့လည်း ဆီးချိုရောဂါသည်တစ်ဦးရဲ့ သွေးချိုဓာတ်ကို ကျန်းမာသောအဆင့်တွင် ဆက်ရှိနေအောင် ကူညီပေးနိုင်ပါတယ်-
- သွေးတွင်းအချိုဓာတ်ကို နေ့စဉ်ပုံမှန်စစ်ဆေးခြင်း (အကောင်းဆုံးမှာ တစ်ရက်လျှင် ၄ ကြိမ်ဖြစ်သည်။)
- ကိုယ်လက်လှုပ်ရှားမှုကို တစ်နေ့လျှင် မိနစ် ၃၀ နေ့စဥ်ပြုလုပ်ခြင်း
- အင်ဆူလင် ထိုးရမည့် အချိန်နှင့် ပမာဏကို မှန်ကန်စေခြင်း
- ဆရာဝန်/သူနာပြုညွှန်ကြားထားသည့် ကစီဓာတ်ပမာဏ ပါဝင်သော အစားအစာများကိုသာ စားသုံးခြင်း