
T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
ကျန်းမာရေးနဲ့ ညီညွတ်အောင် အစားအသောက်တွေကို ဘယ်လိုပြင်ဆင်ရမလဲ?
တည်းဖြတ်ချက်များ 18.06.2025
ဆီးချိုရောဂါရှိသူတွေဟာ တင်းကြပ်တဲ့ အစားအသောက်ပုံစံတွေ စားဖို့မလိုပေမယ့် နေ့စဉ်စားတဲ့ အစာအမျိုးအစားနဲ့ ပမာဏတွေကို ဂရုပြုဖို့တော့လိုပါလိမ့်မယ်။ ဒါမှသာ မိမိတို့ရဲ့သွေးတွင်းအချိုဓာတ်တွေကို ပုံမှန်ပမာဏအတွင်းမှာ ထိန်းထားနိုင်မှာဖြစ်ပါတယ်။ အစာကို စနစ်တကျစီစဉ်စားသုံးခြင်းက ဆီးချိုရောဂါသည်တွေ အစားကိုမှန်ကန်စွာစားတတ်ဖို့နဲ့ ကျန်းမာရေးကို ကောင်းမွန်စေဖို့ ကူညီနိုင်ပါတယ်။
ဆီးချိုရောဂါသည်တွေအနေနဲ့ မိမိရဲ့သွေးချိုဓာတ်တွေကို ထိန်းညှိနိုင်ဖို့ ကစီဓာတ်စားသုံးမှုကို အင်ဆူလင်၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေနဲ့ ဟန်ချက်ညီအောင်လိုက်ပြီးထိန်းညှိဖို့လိုပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဖြင့် ဆီးချိုရောဂါရဲ့ ရေရှည်မှာဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာအချို့ကို တားဆီးပေးနိုင်ပါတယ်။
ဆီးချိုရောဂါရှိသူတွေက မိမိပြင်ဆင်ချက်ပြုတ်ထားတဲ့ အစားအစာထဲမှာ ဘာတွေပါလဲဆိုတာ သိဖို့လိုပါတယ်။ ဘယ်အစားအစာတွေမှာ ကစီဓာတ်ပါဝင်ပြီး ဘယ်လို ကစီဓာတ်တွေက ဆီးချိုနဲ့ တည့်တယ်/မတည့်ဘူးဆိုတာကို သိဖို့ကလည်း အရေးကြီးပါတယ်။
ဆီးချိုနဲ့တည့်တဲ့ ကစီဓာတ်ပါဝင်တဲ့ အစားအသောက်တွေကတော့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အချို့သောဟင်းသီးဟင်းရွက်များ (ဥပမာ - မုန်လာဥနီ၊ ခရမ်းသီး)ဖြစ်ပြီး ဆီးချိုနဲ့ မတည့်တဲ့ အစားအသောက်တွေကတော့ အချိုပွဲ၊ သရေစာမုန့်တွေ (ဥပမာ - ကိတ်မုန့်၊ ချောကလက်၊ သကြားလုံး၊ ဒိုးနပ်လိုမုန့်မျိုးတွေ)နဲ့ အချိုရည်တွေပဲဖြစ်ပါတယ်။ ဒါ့အပြင် လမ်းဘေးအစားအစာတွေမှာလည်း နို့နဲ့ သကြားတွေ အများအပြားပါဝင်နေနိုင်ပါတယ်။
ဖြစ်နိုင်မယ်ဆိုရင် ဈေးဝယ်စင်တာက အစားအသောက်တွေဝယ်ယူတဲ့အခါ ပါဝင်တဲ့ အမယ်၊ ရရှိမယ့် အာဟာရနဲ့ ကယ်လိုရီပမာဏတွေကိုသိဖို့ အိတ်ခွံပေါ်ကအညွှန်းစာကို ဖတ်ရှုသင့်ပါတယ်။
တကယ်လို့ လမ်းဘေးဈေးသည်ဆီက ချက်ပြုတ်ပြီးသားအစားအစာကို ဝယ်ယူတယ်ဆိုရင်လည်း ပါဝင်ပစ္စည်းတွေနဲ့ သကြားပါ/မပါ မေးဖို့ ဝန်မလေးပါနဲ့။
ဆီးချိုရောဂါကို ထိန်းချုပ်ဖို့နဲ့ အစာစားတဲ့အခါ စိတ်ကျေနပ်မှုရစေဖို့အတွက် နေ့စဉ်စားတဲ့အနပ်တိုင်းမှာ ကစီဓာတ်နဲ့ တခြားအာဟာရဓာတ်တွေ မျှမျှတတပါဝင်အောင် ကြိုးစားပါ။
ပန်းကန်ပြားနဲ့ ပုံစံချပြီးစားသောက်နည်းက ရိုးရှင်းပြီး လိုက်နာရလွယ်ကူတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
- ပန်းကန်ရဲ့ တစ်ဝက် - အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များနဲ့ ကစီဓါတ်မပါဝင်သော ဟင်းသီးဟင်းရွက်များ(ဥပမာ - ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ မုန်လာဥနီ၊ သခွားသီး၊ ကန်စွန်းရွက်)
- ပန်းကန်ရဲ့ ၄ပုံ ၁ပုံ - ကစီဓာတ်ပါဝင်သော အစားအစာများ (ဥပမာ - ထမင်း၊ ပေါင်မုန့်၊ ပြောင်းဖူး၊ အာလူး၊ ပိန်းဥ)
- ပန်းကန်ရဲ့ ၄ပုံ ၁ပုံ - ပရိုတင်းပါသော အစားအစာများ (ဥပမာ - အဆီမပါသောအသား၊ ငါး၊ ကြက်ဥ)
မိမိအလိုရှိလျှင် – အဆီထုတ်ထားသော နို့တစ်ခွက် သို့မဟုတ် သစ်သီးတစ်လုံး
အစာစားရတာကို နှစ်သက်တတ်ဖို့ကလည်း အရေးကြီးပေမယ့် အရင်ဆုံး အစားအသောက်တွေအကြောင်းနဲ့ သူတို့ရဲ့ ခန္ဓာကိုယ်အပေါ်သက်ရောက်ပုံကို လေ့လာဖို့ လိုပါလိမ့်မယ်။ အစားအစာဟာ မိတ်ဆွေလိုပါပဲ။ ဒါကြောင့် မိမိကို ကျန်းကျန်းမာမာနဲ့ကြီးထွားလာစေမယ့် မိတ်ဆွေကောင်းနဲ့တူတဲ့ကောင်းမွန်တဲ့အစားအစာတွေကို ရွေးချယ်စားသုံးတတ်ဖို့ အရေးကြီးပါတယ်။
- အစာကို စားရမည့်အချိန်မလွတ်စေဘဲ အချိန်မှန်စားပါ။
- ကစီဓာတ်ပမာဏကို တသမတ်တည်းဖြစ်အောင် ချင့်ချိန်စားပါ။
- ရေများများသောက်ပါ။
- ထမင်းဖြူ၊ ကောက်ညင်းဆန်တို့အစား ဆန်လုံးညိုကဲ့သို့ ကျန်းမာရေးနဲ့ပိုမိုညီညွတ်သော ကစီဓာတ်များကို ရွေးချယ်စားသုံးပါ။
- ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများ (ဥပမာ - လိမ္မော်သီး၊ သရက်သီးစိမ်း) တို့ကို ပိုမိုစားသုံးပါ။
- သရေစာစားလိုပါက ကျန်းမာရေးနဲ့ညီညွတ်သော သရေစာ (ဥပမာ - သစ်သီး) ကိုသာ ရွေးချယ်စားသုံးပါ။
- နေ့စဉ် နာရီဝက်ခန့် လေ့ကျင့်ခန်းလုပ်ပါ။
ရှောင်ကြဉ်/လျှော့ချသင့်တာတွေကတော့-
- ချိုလွန်းတဲ့ ဖျော်ရည် ၊ သရေစာနဲ့ အချိုပွဲများ (ခြွင်းချက်အနေနဲ့ မွေးနေ့ပွဲလို ပွဲလမ်းသဘင်တွေမှာတော့ အချိုပွဲကို ရံဖန်ရံခါအတော်အသင့်စားနိုင်ပါတယ်။)
- စည်သွပ်ဘူးများ (ဥပမာ - အသား၊ ဝက်အူချောင်း)
- ဆားစားသုံးမှုကိုလျှော့ချရန်တို့ပဲ ဖြစ်ပါတယ်။
အရက်သောက်ခြင်း
အရက်မှာလည်း ကစီဓာတ်ပါဝင်တဲ့အတွက် သွေးချိုဓာတ်အပေါ်မှာ သက်ရောက်မှုရှိစေပါတယ်။ အရက်ကို အတော်အသင့် သောက်သုံးရင်တော့ သွေးချိုတက်နိုင်ပြီး အလွန်အကျွံ သောက်သုံးခဲ့ရင်တော့ သွေးချိုကျတာ(ဟိုက်ပို)ဖြစ်နိုင်ပါတယ်။
အရက်ကို ရံဖန်ရံခါမှာ အတော်အသင့်သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် အဲဒီလိုသောက်မယ်ဆိုရင် တစ်ချိန်တည်းမှာ အစာပါစားပေးရပါမယ်၊ သွေးတွင်းအချိုဓါတ်ကိုလည်း ပုံမှန်စစ်ဆေးပေးရန်လိုပြီး နောက်နေ့မှာရေများများသောက်ပေးဖို့လည်းလိုပါတယ်။ သွေးချိုကျနိုင်တဲ့ အန္တရာယ်လည်းရှိတဲ့အတွက် သွေးချိုကျတဲ့ (ဟိုက်ပို) လက္ခဏာတွေ ပေါ်ပေါက်လာခဲ့ရင်လည်း ကုသမှုခံယူရမှာဖြစ်ပါတယ်။