T1D အချက်အလက်

Icon

ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ

ကျွန်ုပ်တို့အကြောင်း

လေ့ကျင့်ခန်းဆိုင်ရာ အကြံပြုချက်များ

တည်းဖြတ်ချက်များ 18.06.2025

Anne-Charlotte Ficheroulle

Pharmacist, Digital Innovation Manager, A4D

ကိုယ်လက်လှုပ်ရှားဖို့ ဘာလို့အရေးကြီးတာလဲ?

ကိုယ်လက်လှုပ်ရှားခြင်းက ခန္ဓာကိုယ်ကို ခွန်အား​ပေးပြီး ကျန်းမာတဲ့ကိုယ်အ​လေးချိန်မှာလည်းထိန်းထား​ပေးနိုင်လို့ လူတိုင်းအတွက် အရေးကြီးပါတယ်။ အထူးသဖြင့် အမျိုးအစား ၁ ဆီးချိုရောဂါသည်တွေအတွက်တော့ ကိုယ်လက်လှုပ်ရှားခြင်းဟာ သွေးချိုဓာတ်ကို ပိုမိုထိန်းပေးနိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှုကိုပါ မြှင့်တင်ပေးတာကြောင့် ပိုလို့အရေးကြီးပါတယ်။

လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းကနေ ဘောလုံးကန်ခြင်းအထိ လေ့ကျင့်ခန်းအားလုံးက အကျိုးရှိပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိသူတွေအနေနဲ့ တစ်နေ့ကို နည်းနည်းစီ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သင့်ပါတယ်။ စစချင်းအနေနဲ့ တစ်နေ့ကို မိနစ် ၃၀ လေ့ကျင့်ခန်းလုပ်ဖို့ ရည်မှန်းပါ။ ပြီးရင်တော့ တစ်ပတ်ကို ၅ ရက်ကနေ ၆ ရက် မိနစ် ၆၀ အထိ လေ့ကျင့်ခန်းလုပ်ချိန်ကို တဖြည်းဖြည်း တိုးပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်းက သွေးတွင်းအချိုဓာတ်အပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ?

လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုတို့က သွေးတွင်းအချိုဓာတ်အပေါ် အမျိုးမျိုးသက်ရောက်မှု ရှိနိုင်ပါတယ်–

များသောအားဖြင့်တော့ သွေးတွင်းအချိုဓာတ်ကို ကျဆင်းစေပါတယ်–

- ကြွက်သားတွေက ဂလူးကို့စ်ကို စွမ်းအင်အဖြစ် ပိုမိုအသုံးပြုလာလို့နဲ့

-ကိုယ်ခန္ဓာက အင်ဆူလင်ကို ပိုမိုတုံ့ပြန်လာလို့ ဖြစ်ပါတယ်။

တစ်ခါတရံမှာတော့ လေ့ကျင့်ခန်းလုပ်ခြင်းက သွေးတွင်းအချိုဓာတ်ကို မြင့်တက်စေပါတယ်–

- ကိုယ်ခန္ဓာအပေါ် အခြားဟော်မုန်းတွေရဲ့အကျိုးသက်ရောက်မှု (အများအားဖြင့် စိတ်ဖိစီးမှု သို့မဟုတ် စိတ်လှုပ်ရှားမှုတို့ကြောင့် ခေတ္တယာယီသွေးချိုတက်ခြင်း) နဲ့

- နေထိုင်မကောင်းဖြစ်ခြင်း တို့ကြောင့် ဖြစ်ပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါရှိသူအတွက် လေ့ကျင့်ခန်းဆိုင်ရာ အကြံပြုချက်များ

- လေ့ကျင့်ခန်းမလုပ်ခင် သွေးအချိုဓာတ်ကို စစ်ဆေးခြင်းက လေ့ကျင့်ခန်းမစခင်မှာ အစားအစာ ဘယ်လောက်စားသင့်တယ်ဆိုတာ ဆုံးဖြတ်ဖို့ အထောက်အကူပြုပါတယ်။

- မိမိလေ့ကျင့်ခန်းလုပ်တဲ့အခါ သွေးချိုကျလာရင် လိုအပ်မယ့်အရာ (ဥပမာ - ဖျော်ရည်၊ သစ်သီး) တို့ကို အဆင်သင့်‌ဆောင်ထားပါ။

- နည်းပြ ဒါမှမဟုတ် ကြီးကြပ်သူကို ကြိုတင်အသိပေးထားပါ။ မိမိဆီးချိုတက်လာရင်ပဲဖြစ်ဖြစ် ကျလာရင်ပဲဖြစ်ဖြစ် ကူညီပေးနိုင်တဲ့သူရဲ့ ကြီးကြပ်မှုအောက်မှာသာ နေပါ။

- အင်ဆူလင်ဆေးထိုးခြင်း– အင်ဆူလင်ထိုးပြီးရင် သွေးချိုမြန်မြန်ကျတတ်လို့ ဆေးထိုးပြီး ၂ နာရီအတွင်း ဆီးချိုရောဂါသည်တွေအနေနဲ့ လေ့ကျင့်ခန်းမလုပ်သင့်ပါ။ အင်ဆူလင်ကို ဘယ်အချိန် ထိုးရမလဲဆိုတာ မသေချာရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

- လေ့ကျင့်ခန်းမလုပ်မီ စားသင့်တဲ့အစားအစာ– ဆီးချိုရောဂါရှိသူကလေးတစ်ဦး လေ့ကျင့်ခန်းမလုပ်မီ အစာ ဘယ်လောက်စားရမလဲဆိုတာကို ဆရာဝန်/သူနာပြုထံမေးပါ။ များသောအားဖြင့် သစ်သီး၊ အဆီနည်းတဲ့နို့၊ ဒိန်ချဉ်၊ ဘီစကွတ် ဒါမှမဟုတ် ပေါင်မုန့်တစ်ချပ် စတဲ့အစားအစာတွေကို ကျွေးလို့ရပါတယ်။

လေ့ကျင့်ခန်းအချိန်ကြာကြာ လုပ်ရမယ်ဆိုရင်တော့ ကစီဓာတ်ကို ပိုစားဖို့ ဒါမှမဟုတ် အင်ဆူလင်ဆေးကို လျှော့ချဖို့ ဒါမှမဟုတ် ၂ခုလုံး လိုအပ်နိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်/သူနာပြုနဲ့ ဆွေးနွေးသင့်ပါတယ်။

မိမိကျန်းမာရေးကို ဂရုစိုက်ပါ။

မိမိရဲ့ ကျန်းမာရေးကို ကိုယ်တိုင်ဂရုစိုက်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် ကျောင်းတွင်းကာယချိန်မှာ လေ့ကျင့်ခန်းလုပ်နေရင်း အဆင်မပြေဖြစ်လာရင် ဆရာမကို ချက်ချင်းပြောပါ။

အားကစား ဒါမှမဟုတ် လေ့ကျင့်ခန်း လုပ်နေတာကို ခဏရပ်ဖို့ လိုလာရင် ရပ်လိုက်ပါ။ မိမိအနေနဲ့ သွေးချိုပြန်တက်လာအောင် အစာစားတာမျိုး၊ သွေးအချိုဓာတ်စစ်ဆေးတာမျိုးတွေ လိုအပ်လာရင် လုပ်ရမှာပါ။

လေ့ကျင့်ခန်းနဲ့ ပတ်သက်တဲ့ ဉာဏ်စမ်းမေးခွန်းတွေကို အခုပဲ ဖြေဆိုလိုက်ပါ။

Icon ရှင်းလင်းချက်