T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
ကာဗိုဟိုက်ဒရိတ်ရေတွက်ခြင်း လူနေမှုပုံစံက သွေးတွင်းသကြားဓာတ်ပမာဏကို တည်ငြိမ်စေနိုင်တယ်
တည်းဖြတ်ချက်များ 06.05.2026
အမျိုးအစား ၁ ဆီးချိုရောဂါကို ကိုင်တွယ်ဖြေရှင်းရာမှာ နည်းဗျူဟာတွေ လိုအပ်ပါတယ်။ ကာဗိုဟိုက်ဒရိတ် ရေတွက်ခြင်းက ကျွန်တော်တို့လိုအပ်တဲ့ စမတ်ကျတဲ့ နည်းလမ်းတစ်ခု ပါပဲ။
အမျိုးအစား ၁ဆီးချိုရောဂါအတွက် ကာဗိုဟိုက်ဒရိတ်ရေတွက်ခြင်းရဲ့ အရေးပါပုံကတော့ ကျွန်တော်တို့ ကာဗိုဟိုက်ဒရိတ် ဘယ်လောက်များများ စားသုံးလိုက်တယ်ဆိုတာကို စောင့်ကြည့်ပြီး ကိုယ့်ရဲ့သွေးတွင်းသကြားဓာတ်ပမာဏကို စီမံထိန်းညှိဖို့ ပိုလွယ်စေနိုင်ပါတယ်။
ကိုယ်က ကာဗိုဟိုက်ဒရိတ် ဘယ်လောက်များများ စားသုံးမိလဲဆိုတာ သိထားတဲ့အခါ ပိုကောင်းတဲ့ ရွေးချယ်မှုတွေကိုလည်း လုပ်နိုင်ပါတယ်။
ဒီနည်းလမ်းက မှန်ကန်တဲ့ အင်ဆူလင်ပမာဏကို ထိုးနိုင်ဖို့ အထောက်အကူဖြစ်စေပြီး သွေးတွင်းသကြားဓာတ်ပမာဏကိုလည်း ပိုပြီးတည်ငြိမ်စေပါတယ်။
သွေးတွင်းသကြားဓာတ်ပမာဏကို ပိုပြီးတည်ငြိမ်တဲ့အခါ နေရထိုင်ရ ပိုကောင်းစေနိုင်တာပေါ့။
ကာဗိုဟိုက်ဒရိတ်တွေဟာ ပရိုတင်းဓာတ်၊ အဆီဓာတ်တွေလိုပဲ ကျွန်တော်တို့ခန္ဓာကိုယ်က လိုအပ်တဲ့ အဓိကအာဟာရဓာတ်တွေ ဖြစ်ပါတယ်။ ကာဗိုဟိုက်ဒရိတ်တွေကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်တယ်ဆိုပေမယ့် ခန္ဓာကိုယ်ရဲ့စွမ်းအင်အရင်းအမြစ် ဖြစ်နေတဲ့အတွက် သူ့ကို လိုအပ်နေဆဲပါပဲ။
ကာဗိုဟိုက်ဒရိတ်တွေက ဂျုံပြောင်းနှံတွေ၊ သစ်သီးတွေ၊ ပဲ၊ ဟင်းသီးဟင်းရွက်တွေနဲ့ နို့ထွက်ပစ္စည်းတွေလို အစားအစာတွေမှာ တွေ့ရတဲ့ သကြားဓာတ်၊ အမျှင်ဓာတ်တွေနဲ့ ကစီဓာတ်တို့ ဖြစ်ပါတယ်။ သူတို့က ကျွန်တော်တို့ရဲ့ ဆဲလ်တွေ၊ တစ်သျှူးတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေအတွက် ခန္ဓာကိုယ်ရဲ့အဓိက စွမ်းအင်အရင်းအမြစ်တွေ ဖြစ်ပါတယ်။
ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစားအစာကို စားလိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ အစာခြေစနစ်က သူ့ကို သကြားဓာတ်အဖြစ် ဖြိုခွဲလိုက်ပါတယ်၊ ပြီးတော့ သွေးထဲ ရောက်သွားတယ်ပေါ့။ ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာကို စားလိုက်မယ်ဆိုရင် သွေးတွင်းသကြားဓာတ်က မြန်မြန်ဆန်ဆန် ထိုးတက်သွားနိုင်ပါတယ်။ ဒါဟာ ဆီးချိုအတွက် ကာဗိုဟိုက်ဒရိတ်ရေတွက်ခြင်းရဲ့ အရေးပါပုံကို သိသာစေတဲ့အချိန်ပါပဲ။
အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေမှာတော့ ပန်ကရိယက အင်ဆူလင် မထုတ်ပေးနိုင်တော့တာကြောင့် သွေးတွင်းသကြားဓာတ်ပမာဏ တည်ငြိမ်အောင်ထိန်းထားဖို့က အမြဲတမ်းစိန်ခေါ်မှုတစ်ခု ဖြစ်နေတာပါ။
ကာဗိုဟိုက်ဒရိတ်ရေတွက်ခြင်း နည်းဗျူဟာကို သုံးတဲ့အခါ အချက်အလက်သိပြီးမှ ရွေးချယ်မှုတွေကို ပြုလုပ်ရတာကြောင့် အစားအစာ အမျိုးအစားအမျိုးမျိုးကို စားတဲ့အခါ ပိုပြီးလွတ်လပ်မှု ရှိပါတယ်။
အချက်အလက်သိထားပြီးသား ရွေးချယ်မှုဆိုတာ တချို့သော အစားအသောက်တွေက သွေးတွင်းသကြားဓာတ်ပမာဏကို ဘယ်လိုမြင့်တက်စေတယ်ဆိုတာ သိထားနိုင်တာကြောင့် စိတ်လက်ချမ်းသာစွာနဲ့ အစားစားနိုင်တာကို ဆိုလိုပါတယ်။
ကာဗိုဟိုက်ဒရိတ်ရေတွက်နည်းတွေ သုံးတာက အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ နေထိုင်ရပိုလွယ်ကူစေသလို ဗဟုသုတရတာကြောင့် ကိုယ်စားချင်တာ၊ လုပ်ချင်တာတွေအတွက် ထိုက်သင့်သလောက် လွတ်လပ်ခွင့်ရစေပါတယ်။
ကာဗိုဟိုက်ဒရိတ်ရေတွက်ခြင်းက အမျိုးအစား ၁ ဆီးချိုရောဂါကို စီမံထိန်းညှိရာမှာ လိုသလို အတိုးအလျော့လုပ်နိုင်စေတာမို့ အရေးကြီးပါတယ်။
ကာဗိုဟိုက်ဒရိတ်ရေတွက်တာကိုသာ ကျွမ်းကျင်ပိုင်နိုင်ရင် ကိုယ်နှစ်သက်တဲ့ အစားအစာကို စွန့်လွှတ်ရတော့မှာ မဟုတ်ပါဘူး။
အစားအသောက်အမျိုးမျိုးကို စားလို့ရနိုင်ပြီး ကိုယ်စားဖို့ စီစဉ်ထားတဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏအလိုက် ထိုးရမယ့် အင်ဆူလင်ပမာဏကို ချိန်ညှိနိုင်ပါတယ်။
ကာဗိုဟိုက်ဒရိတ်ရေတွက်ခြင်းက (hyperglycemia လို့ သိကြတဲ့) သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်းနဲ့ (hypoglyemia လို့သိကြတဲ့) သွေးတွင်းသကြားဓာတ်ကျဆင်းခြင်းကြားက အတက်အကျပြောင်းလဲမှုတွေကိုလည်း လျော့နည်းစေနိုင်တယ်။
ဒီနည်းလမ်းက အမျိုးအစား ၁ဆီးချိုရောဂါရှိသူတွေအတွက် ကုသမှုအရည်အသွေးကို တိုးတက်စေတာကြောင့် ဆရာဝန်တွေ၊ ဆီးချိုရောဂါ အသိပညာပေးသူတွေ၊ အာဟာရပညာရှင်တွေနဲ့ တခြားကျန်းမာရေးပညာရှင်တွေက အားပေးထောက်ပံ့နေတာဖြစ်ပါတယ်။
အမျိုးအစား ၁ဆီးချိုရောဂါအတွက် ပိုကောင်းတဲ့ ကုသစောင့်ရှောက်မှုကို ရရှိတဲ့အခါ ပြဿနာ ဒါမှမဟုတ် နောက်ဆက်တွဲအခြေအနေတွေ စောစောဖြစ်လာနိုင်ခြေ ပိုနည်းပါတယ်။ ဒါတွေအားလုံးဟာ ဆီးချိုရောဂါအတွက် ကာဗိုဟိုက်ဒရိတ်ရေတွက်ခြင်းရဲ့ အရေးပါမှုကို ပံ့ပိုးနေတဲ့ အချက်တွေပါ။
အာဟာရဗေဒပညာရှင်၊ စားသောက်ပုံအာဟာရပညာရှင် ဒါမှမဟုတ် ဆီးချိုရောဂါ အသိပညာပေးသူတစ်ဦးနဲ့ စကားပြောကြည့်ဖို့ အရေးကြီးပါတယ်။ သူတို့က သင်နှစ်သက်တဲ့ အစားအသောက်တွေကို စားသုံးဖို့အတွက်ကောင်းစွာ လမ်းညွှန်အကြံပေးနိုင်ပါတယ်။
အစားအစာရဲ့ အရွယ်အစား ဒါမှမဟုတ် ပမာဏကို ခန့်မှန်းဖို့ သင့်လက်ကို အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် အပြင်ထွက်ပြီး စားတဲ့အခါမျိုးမှာ အထောက်အကူဖြစ်ပါတယ်။
ဥပမာ လက်သီးဆုပ်လိုက်တဲ့အခါ ပန်းကန်လုံးတစ်လုံးလောက် အတိုင်းအတာ ဖြစ်သွားမယ်။ ထမင်းဖြူလက်တစ်ဆုပ်စာက သင့်လက်သီးဆုပ်အရွယ်အစားလောက်ဖြစ်မယ်ဆိုရင် ကာဗိုဟိုက်ဒရိတ် ဘယ်လောက်ဖြစ်မယ်ထင်ပါသလဲ။ အင်ဆူလင် ဘယ်လောက်လိုအပ်လောက်မလဲ။
ထမင်းဖြူတစ်ပန်းကန်လုံးစာဟာ ကာဗိုဟိုက်ဒရိတ် ၃၀ ဂရမ်နီးနီး ရှိပြီး အင်ဆူလင် လိုအပ်မှုကတော့ ကွဲပြားနိုင်ပါတယ်။ ကိုယ့်ရဲ့အင်ဆူလင် တုံ့ပြန်နိုင်စွမ်းကို သိဖို့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ကို တိုင်ပင်တာ အကောင်းဆုံးပါ။
ကိုယ်စားလိုက်တဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏကို သိရှိတာက အင်ဆူလင် ဘယ်နှယူနစ်ထိုးဖို့လိုမလဲ ဆုံးဖြတ်ရာမှာ အထောက်အကူဖြစ်စေပါတယ်။ ဒါဟာ အမျိုးအစား ၁ဆီးချိုရောဂါအတွက် ကာဗိုဟိုက်ဒရိတ်ရေတွက်ခြင်းရဲ့ အရေးပါတဲ့ နောက်အခြေအနေတစ်ခုပါ။
နောက်ထပ်အသုံးဝင်တဲ့ အကြံပြုချက်ကတော့ ပါကင်ပိတ်အစားအစာတွေရဲ့ နောက်ကျောက အာဟာရဆိုင်ရာ ဖော်ပြချက်တွေကို ဖတ်ဖို့ပါ။ ဒါက ကာဗိုဟိုက်ဒရိတ် တွက်ချက်ရာမှာ ပိုလွယ်ကူပြီး ပိုမိုတိကျစေပါတယ်။
ကာဗိုဟိုက်ဒရိတ်ရေတွက်ခြင်းအကြောင်းကို ပထမဆုံး စသိရတဲ့အခါ မတူညီတဲ့ အစားအစာတွေမှာ ကာဗိုဟိုက်ဒရိတ်ကို ဘယ်လိုတိုင်းတာပြီး ရေတွက်ရမလဲ သိဖို့ အတော်ခက်ခဲခဲ့ပါတယ်။
အစားအစာအားလုံးရဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်မှု အတိအကျကို မသိခဲ့တာကြောင့် စားနေကျ အစားအစာတွေကိုပဲ စွဲမြဲစားနေခဲ့တယ်။ ဒါမှ အင်ဆူလင်ဘယ်လောက်ထိုးဖို့လိုမလဲဆိုတာ သိနိုင်မှာမို့လို့ပါ။
ကိုယ်စားသမျှကို အစားအသောက်ဒိုင်ယာရီ ဒါမှမဟုတ် အက်ပ်တစ်ခုမှာ အမြဲစာရင်းထည့်တယ်။ ကာဗိုဟိုက်ဒရိတ်ရေတွက်ခြင်းက အချိန်ယူရပြီး စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ အထူးသဖြင့် အလျင်လိုတဲ့အခါမျိုးမှာပေါ့။ ဒါပေမယ့် သွေးတွင်းသကြားဓာတ်ပမာဏ အရမ်းမတက်၊ မကျဘဲ အစားအစာအမျိုးစုံကို စားလို့ရနေတော့ တန်ပါတယ်။
တူညီတဲ့ အစားအစာပမာဏကို နေ့တိုင်းစားနေရင်တောင်မှ သွေးတွင်းသကြားဓာတ်ပမာဏက အမြဲတူညီမနေပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်လက်လေ့ကျင့်ခန်း၊ နေ့စဉ်လှုပ်ရှားမှု့တွေ၊ စိတ်ဖိစီးမှု၊ အိပ်ရေးပျက်ခြင်း စတာတွေလို တခြားအချက်တွေက သွေးတွင်းသကြားဓာတ်ကို သက်ရောက်မှုရှိလို့ပါပဲ။
ကိုယ့်ရဲ့အစားအစာ ရေတွက်မှုနဲ့ ထိုးရမယ့် အင်ဆူလင်ပမာဏ မှန်ကန်မှုရှိမရှိ၊ အစာစားပြီး နှစ်နာရီအကြာ သွေးတွင်းသကြားဓာတ်ပမာဏက 80 နဲ့ 180 mg/dl ဒါမှမဟုတ် 3.9 and 10 mmol/L ကြားမှာ ထိန်းနိုင်ခြင်းရှိမရှိကို သိနိုင်ပါလိမ့်မယ်။
ကာဗိုဟိုက်ဒရိတ်ရေတွက်ခြင်းကို သင်ယူဖို့ အချိန်ယူရနိုင်ပေမယ့် ဒါကို အသုံးပြုလေ ပိုကျွမ်းကျင်လာလေ ဖြစ်ပါလိမ့်မယ်။
အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ပမာဏ ကောင်းမွန်တဲ့ အတိုင်းအတာအတွင်းရှိနေတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ခံစားချက်ပိုင်းဆိုင်ရာ ကောင်းမွန်နိုင်တယ်။
ကမ္ဘာပေါ်မှာ ရှိတဲ့ ဆီးချိုအဖွဲ့အစည်းတွေ အမျိုးမျိုးက သွေးကြောကြီးတွေနဲ့ သွေးကြောငယ်လေးတွေမှာ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်စေဖို့ ရှိသင့်တဲ့ သွေးတွင်းသကြားဓာတ်အတိုင်းအတာရဲ့ ၇၀%လောက် ပြည့်မီဖို့ အကြံပြုထားပါတယ်။
အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေဟာ ကာဗိုဟိုက်ဒရိတ်ရေတွက်ခြင်းအကြောင်း ပိုမိုသိရှိမယ်ဆိုရင် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်နိုင်ပြီး နေရတာပိုအဆင်ပြေနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ ဆီးချိုရောဂါအတွက် ကာဗိုဟိုက်ဒရိတ်ရေတွက်ခြင်းကို အလေးပေးဖို့လိုတာဖြစ်ပါတယ်။
နေရတာအဆင်ပြေတဲ့အခါ အမျိုးအစား ၁ ဆီးချိုရောဂါကို ပိုလက်ခံလာနိုင်သလို ခန္ဓာကိုယ်ကို ပိုပြီးကောင်းကောင်း ဂရုစိုက်နိုင်ပါတယ်။
အမျိုးအစား ၁ ဆီးချိုရောဂါကို ကောင်းစွာစီမံထိန်းညှိနိုင်တဲ့သူတိုင်းဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ဆောင်ကြတာပါ။ ဒီနေရာမှာ အင်ဆူလင် ထိုးတဲ့အချိန်၊ အင်ဆူလင်အမျိုးအစား၊ လှုပ်ရှားမှု၊ စတာတွေကိုလည်း ကာဗိုဟိုက်ဒရိတ်ရေတွက်ခြင်းလိုပဲ တူညီစွာ အရေးကြီးတယ်လို့ ကျွန်တော်တို့ ထည့်သွင်းစဉ်းစားပါတယ်။
ကျွန်တော်တို့အားလုံးဟာ မတူညီတဲ့ အင်ဆူလင်အမျိုးအစားတွေကို အသုံးပြုကြတာဖြစ်ပြီး ခန္ဓာကိုယ်အမျိုးအစားနဲ့ လှုပ်ရှားမှုအဆင့်တွေ မတူကြတာကြောင့် သင့်ခန္ဓာကိုယ်ကို ကုသဖို့အကောင်းဆုံးနည်းလမ်းနဲ့ပတ်သက်ပြီး သင့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နဲ့ စကားပြောဆိုပါ။