T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
Wai Yan Aung- အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ နေထိုင်တဲ့အခါ ထောက်ပံ့အားပေးမှုရရှိဖို့ အရေးပါပုံ
တည်းဖြတ်ချက်များ 06.05.2026
"ကျွန်တော့အသက် ၁၄ နှစ်၊ ဘော်ဒါကျောင်းမှာ ၈ တန်းတက်တုန်းက အမျိုးအစား ၁ ဆီးချိုရောဂါရှိတာ သိခဲ့ရတယ်။ တကယ်ကို ရှော့ခ်ရခဲ့တာ။ ဒါပေမယ့် ထောက်ပံ့အားပေးမှုက အရမ်းအရေးပါတယ်ဆိုတာ အဲဒီကတည်းက သင်ခန်းစာရခဲ့တာပါ။”လို့ လူငယ်ကျောင်းသားတစ်ဦး ဖြစ်တဲ့ Wai Yan Aung ကပြောပါတယ်။
မိဘတွေနဲ့မဟုတ်ဘဲ ကျောင်းမှာနေထိုင်ခဲ့တဲ့ သူဟာ စားချင်တာတွေအကုန်စားတယ်၊ အထူးသဖြင့် အာလူးကြော်နဲ့ အချိုရည်တွေကို နှစ်ကြိမ်မစဉ်းစားဘဲ စားသောက်တတ်ပါတယ်။ ဒါပေမယ့် သူ့ဖခင်ရဲ့ ဆီးချိုရောဂါနဲ့ ဆင်တူတဲ့လက္ခဏာတွေကို သတိထားမိလာတော့ အမေ့ကို မေးကြည့်ရာက ဆရာဝန်ပြဖြစ်ခဲ့ပါတယ်။ “အမျိုးအစား ၁ ဆီးချိုရောဂါရှိတာ သိလိုက်ရတော့ ရှော့ခ်ရသွားတယ်။ ဒါပေမယ့် မိသားစုဆီက အထူးသဖြင့် အမေ့ဆီက ထောက်ပံ့အားပေးမှုကြောင့် အတော် အဆင်ပြေသွားတယ်။”
စစချင်းတော့ ဆီးချိုကို စီမံထိန်းညှိရတာ ခက်တယ်။ ဒါပေမယ့် Action for Diabetes (A4D) နဲ့ချိတ်ဆက်လိုက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အထောက်အပံ့တွေ ရခဲ့တယ်။ အင်ဆူလင်ကို ထိန်းညှိပေးပြီး သုံးလတစ်ကြိမ် HbA1C စောင့်ကြည့်ပေးခဲ့တဲ့ Dr. May Htet Lwin နဲ့ Dr. Wah Wah Lynn တို့လို ဆရာဝန်တွေနဲ့ ဆုံနိုင်ဖို့ A4D က ကူညီပေးခဲ့တယ်။ သူတို့ရဲ့ထောက်ပံ့အားပေးမှုက မရှိမဖြစ် အရေးပါပါတယ်။”
အင်ဆူလင်ထိုးတာနဲ့ပတ်သက်ပြီး သူ့ရဲ့ကျောင်းကသူငယ်ချင်းတွေက သိချင်ကြတယ်၊ မေးခွန်းတွေ အများကြီး မေးကြတယ်။ “တစ်ခါတစ်လေ စိတ်ညစ်ရပေမယ့် သူတို့ရဲ့စိတ်ဝင်စားမှုက ထောက်ပံ့အားပေးတဲ့ ပတ်ဝန်းကျင်တစ်ခုရဲ့အရေးပါပုံကို ဖော်ပြနေတာပါ။”လို့ သူက မှတ်ချက်ပေးပါတယ်။ သူ့ရဲ့သူငယ်ချင်းတွေကို အသိပညာပေးရင်းနဲ့ သူ့ရောဂါအပေါ် စာနာနားလည်မှုတွေ တိုးလာစေခဲ့ပါတယ်။
T1D ရှိသူတွေအတွက်တော့ ထောက်ပံ့အားပေးမှုစနစ်တွေက အရေးကြီးပါတယ်။ သူတို့တွေက ဆေးဘက်ဆိုင်ရာ လမ်းညွှန်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့အားပေးမှုတွေ ပေးပါတယ်၊ အထူးသဖြင့် နာတာရှည်ရောဂါကို စီမံထိန်းညှိရတဲ့ ဝန်ထုပ်ဝန်ပိုးကို ကူညီဖြေလျှော့ပေးတာပါ။ "ကျွန်တော့မိသားစု၊ A4D နဲ့ ကျွန်တော့ကို ဂရုစိုက်ကြတဲ့သူတွေကြောင့် ကျန်းမာပြီး အကောင်းမြင်စိတ် ဖြစ်လာနိုင်တာပါ။”
အခုဆိုရင် Finance and Accountability ကို သင်ယူနေပြီဖြစ်တဲ့ သူက “ကိုယ့်မှာ ဆီးချိုရောဂါရှိနေတယ်ဆိုရင် စိတ်ဓာတ်မကျပါနဲ့။ မှန်ကန်တဲ့ ထောက်ပံ့အားပေးမှုရှိရင် ပြီးပြည့်စုံတဲ့ဘဝကို နေထိုင်နိုင်ပါတယ်။ လူတိုင်းမှာ စိန်ခေါ်မှုအခက်အခဲတွေရှိကြပါတယ်။ ဒါပေမယ့် ထောက်ပံ့အားပေးမှုရှိရင် ပန်းတိုင်ကို အရောက်လှမ်းနိုင်ပါတယ်။”လို့ ဆိုပါတယ်။
သူ့ရဲ့ ဇာတ်လမ်းက အမျိုးအစား ၁ဆီးချိုရောဂါကို ထိန်းချုပ်ရာမှာ ထောက်ပံ့အားပေးမှု၊ ပုံမှန်စောင့်ရှောက်မှုနဲ့ အကောင်းမြင်စိတ်တွေက အရေးကြီးပုံကို ဖော်ပြပေးသလို တခြားသူတွေကို ဆီးချိုရောဂါနဲ့ ရင်းနှီးလာပြီး ဘဝကို ပြည့်ပြည့်ဝဝနေနိုင်ဖို့ အားဖြစ်စေပါတယ်။