Dr.Zaw Win
M.B.,B.S (Ygn), for diabetes in children and adolescents
တည်းဖြတ်ချက်များ 14.10.2026
ဆီးချိုဖြစ်လာပြီဆိုတာနဲ့ ကိုယ့်မှာ ဖြစ်တဲ့ ဆီးချို အမျိူအစားကို သိရပါတယ်။ အကြမ်းဖျင်းအားဖြင့် အသက်အရွယ်အားဖြင့်ကြည့်လို့ရပါတယ်။
သက်လတ်ပိုင်း၊ လူကြီးပိုင်း ရောက်မှ စဖြစ်တဲ့ ဆီးချိုဝေဒနာရှင်တွေမှာတော့ အမျိုးအစား (၂) လို့ခေါ်တဲ့ type 2 အဖြစ်များပြီးတော့ ကလေးအရွယ်မှာ ဖြစ်တဲ့ဆီးချိုကိုတော့ အမျိုးအစား (၁) type 1 လို့ခေါ်ပါတယ်။ ကျန်အမျိုးအစားတွေရှိပေမယ့် အမျိုးအစား (၁) ဆီးချို ဖြစ်လာရင် ဘယ်လို ရင်ဆိုင်ရမလဲ ဆက်ကြည့်ရအောင်။
အမျိုးအစား (၁) ဆီးချို စ ဖြစ်လာတာ၊ စ သိလာတာက အကြောင်းရင်း အမျိုးမျိုး၊ ရောဂါအမျိုးမျိုးနဲ့ စသိလာကြပါတယ်။ တစ်ချို့က ဖျားနာလို့ ဆီးခဏခဏ သွားနေလို့၊ ရေ ခဏ ခဏ ဆာလို့ ဆေးခန်းပြရင်း စစ်ဆေးတာနဲ့ သိကြတယ်၊ တစ်ချို့ကလည်း အမြင်အာရုံ တစ်ခုခု ချို့ယွင်းလို့ မျက်စိဆေးခန်းပြရင်းသိကြတယ်၊ တစ်ချို့ကလည်း ကျောက်ကပ်ထိမှ သိတာမျိုး ရှိသလို တစ်ချို့ကလည်း diabetic ketoacidosis လို့ခေါ်တဲ့အင်ဆူလင်မလုံလောက်လို့ သတိမေ့ပြီး ဆေးရုံရောက်မှ သိကြရတယ်။
ဆိုတော့ ဘယ်လိုအကြောင်းရင်းကြောင့်ပဲ အမျိုးအစား (၁) ဆီးချိုရှိမှန်းသိသိ၊ အရေးကြီးတာက ဆီးချို အမျိုးအစား (၁) ကို ဘယ်လိုရင်ဆိုင်ပြီး ကျန်းကျန်းမာမာနဲ့ နောက်ဆက်တွဲဆိုးကျိုး ကင်းစင်အောင်နေထိုင်ရမလဲဆိုတာပါပဲ။
ဒီ ပြဿနာတွေအားလုံးရဲ့ အဖြေက သကြားဓာတ်ကို ကောင်းစွာ ထိန်းသိမ်းခြင်းပဲ ဖြစ်ပါတယ်။ သကြားဓာတ်ကို အမြဲ ဂရုတစ်စိုက် ထိန်းသိမ်းခြင်းက ရေရှည်မှာ ဆီးချိုကြောင့် မျက်လုံးထိခိုက်စေခြင်း၊ နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်စေခြင်း၊ အင်ဆူလင်မလုံလောက်ခြင်းကြောင့် ketoacidosis ဖြစ်စေခြင်းတို့ကို ထိရောက်စွာကာကွယ်ပေးနိုင်ပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်စေမှာပဲဖြစ်တယ်။
သကြားဓာတ်ကို ဘယ်လိုကောင်းကောင်းထိန်းကြမလဲ။ အင်ဆူလင်နေ့တိုင်း ဂရုတစ်စိုက်ထိုးနေတာပဲ၊ မလုံလောက်ဘူးလားလို့ သင်မေးကောင်းမေးချင်နေလိမ့်မယ်။
အဖြေကတော့ အင်ဆူလင်နေ့စဉ်ထိုးရုံနဲ့တော့ ဆီးချိုကောင်းကောင်းထိန်းတတ်တယ်လို့ မဆိုနိုင်ပါဘူး။ ဆီးချို ကောင်းကောင်းထိန်းတတ်ချင်ရင်တော့ ဒီ ၃ မျိုးကို ကောင်းကောင်းသိရမယ်။ ဘာတွေလဲဆိုရင်
၁) အင်ဆူလင်ကို ထိရောက်စွာထိုးတတ်ရမယ်
၂) ကိုယ်နေ့စဉ်စားသုံးနေတဲ့ထဲမှာ ကစီဓာတ်ကို ကောင်းစွာ ချိန်ညှိတတ်ရမယ်
၃) လေ့ကျင့်ခန်းလုပ်တာ၊ အားကစား လိုက်စားတာတို့ပဲဖြစ်တယ်။
ဒါတွေကိုဘယ်လို ကျွမ်းကျွမ်းကျင်ကျင် လုပ်လို့ရမလဲဆိုတာလေးတွေ ဆက်ပြောပြမယ်နော်။
၁) အင်ဆူလင် ထိရောက်စွာထိုးတတ်ရမယ်
အင်ဆူလင်သိုလှောင်တဲ့နေရာကစပြီး ထိုးတဲ့ နည်းစနစ်တွေအားလုံးမှန်ကန်ရမယ်။ သိုလှောင်တဲ့နေရာမှာ နေရောင်နဲ့တိုက်ရိုက်မထိတွေ့ပဲ အေးမြတဲ့နေရာတွေမှာ ထားရမယ် (ရေခဲသေတ္တာလို အပူချိန်ထိန်းထားနိုင်ရင်တော့ အကောင်းဆုံးပါ)။ အင်ဆူလင်ထိုးတဲ့အခါမှာလည်း ထိုးမယ့်နေရာက အဆီခဲဖြစ်နေလား? မာနေလားကို အရင်စမ်းကြည့်ရမယ်။ ထိုးလို့ အဆင်ပြေပြီဆိုရင် အရက်ပြန်ဂွမ်းနဲ့ ထိုးမယ့်နေရာကို သန့်စင်ရမယ်။ ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း သက်မှတ်အင်ဆူလင်ကို စနစ်တစ်ကျ စုပ်ယူပြီး အရေပြားအောက်ကို ထိုးသွင်းရမယ်။ ထိုးပြီးတဲ့အခါမှာလည်း အပ်ကို ချက်ချင်း မထုတ်လိုက်ပဲ ၁၀ စက္ကန့်ခန့် ထားပြီးမှ ထုတ်ရမယ်။ အဲ့လိုဆို အင်ဆူလင်ကိုကောင်းကောင်းထိုးတတ်ပြီလို့ယူဆလို့ရတယ်။ အင်ဆူလင်ထိုးတာကိုလည်း action4diabetes ကနေပြီး အမြဲ လေ့ကျင့်ပေးနေတာဖြစ်လို့ camp တွေလည်း အချိန်မှန်သွားသင့်တယ်။
၂) ကစီဓာတ်ချိန်ညှိခြင်း
ဆီးချိုဖြစ်လာပြီဆိုတာနဲ့ နေ့တိုင်းကိုယ်စားချင်တာကို စားချင်သလောက် စားလို့ရှိရင်တော့ ဆီးချိုကိုထိန်းနိုင်မှာ မဟုတ်ဘူး။ ဆီးချိုအတွက် ဆေးခန်းပြတဲ့အခါမှာ တစ်နေ့တာ ကိုယ်စားလို့ရမယ့် ပမာဏကို ဆရာဝန်နှင့် အဖွဲ့က သေချာစွာညွှန်ကြားပေးလေ့ရှိပါတယ်။ ဆိုတော့ ကိုယ်လုပ်ရမှာက မခက်ခဲပါဘူး။ တစ်ခုခု အပိုစားချင်တယ်ဆိုရင် ကိုယ်စားနေကျထဲက နှုတ်လိုက်ပါ။ တစ်နေ့တာစားရမယ့် စုစုပေါင်းက ညွှန်ကြားထားတဲ့အတိုင်းဖြစ်နေရင်ရပါပြီ။ ဥပမာ ပေါင်မုန့် တစ်ချပ်ကို one portion ရှိတယ်၊ ထမင်း ၅ ဇွန်းကလည်း one portion ပါပဲ။ ဒီနေ့မှာ ပေါင်မုန့်တစ်ချပ် ကို သရေစာ စားချင်တယ်ဆိုရင် ထမင်းကို ၅ဇွန်းလျှော့စားလိုက်မယ်။ အဲ့လိုဆို တစ်နေ့တာ ရဲ့ စုစုပေါင်းကစီဓာတ်က များခြင်း၊ နည်းခြင်းမရှိပဲ သကြားဓာတ်ကို သေချာထိန်းနိုင်မှာဖြစ်တယ်။
၃) လေ့ကျင့်ခန်း/အားကစား ပုံမှန်လုပ်ပေးခြင်း
မိမိစိတ်ဝင်စားတဲ့ အားကစား ပုံမှန်လုပ်တာ သို့မဟုတ် လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းက သွေးတွင်းသကြားဓာတ် ကို ကောင်းစွာထိန်းသိမ်းဖို့အတွကိကူညီပေးနိုင်ပါတယ်။ အားကစားလုပ်ခြင်းက သင့်ခန္ဓာကိုယ်ကို အင်ဆူလင်အား ကောင်းစွာတုံ့ပြန်စေနိုင်ပြီးတော့ သကြားဓာတ်ကို ပိုမိုလျှော့ချပေးနိုင်ပါတယ်။ အားကစားလုပ်ရင်း အင်အားကုန်ခန်းလာတဲ့အခါ သွေးတွင်းသကြားဓာတ်ကို ပိုမိုအသုံးပြုလာစေခြင်းအားဖြင့် သကြားဓာတ်ကို ကျစေလာတာပဲဖြစ်တယ်။
အချုပ်ပြောရရင် အင်ဆူလင်ရယ်၊ ကစီဓာတ်ထိန်းပြီးစားတာရယ်၊ လေ့ကျင့်ခန်းလုပ်တာရယ်ကို သေချာချိန်ညှိလိုက်မယ်ဆိုရင် သကြားဓာတ်ထိန်းရတာ လွယ်ကူလာပြီးတော့ ဆီးချိုရောဂါဆိုတာ အေးအေးဆေးဆေး ရင်ဆိုင်လာနိုင်မယ့် မိမိဘဝ အစိတ်အပိုင်းတစ်ခုဖြစ်လာပါလိမ့်မယ်။