T1D အချက်အလက်

Icon

ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ

ကျွန်ုပ်တို့အကြောင်း

အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ မိသားစုနဲ့ တခြားဆက်ဆံရေးများ

တည်းဖြတ်ချက်များ 06.05.2026

Prof Cho Cho Win

Professor of Pediatrics at the 500-bedded Children’s Hospital, Naypyitaw, Myanmar

အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ နေထိုင်ခြင်းက မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေ ဒါမှမဟုတ် ချစ်ရသူတွေနဲ့ ကိုယ့်ရဲ့ ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိနေနိုင်ပါတယ်။

မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေ ဒါမှမဟုတ် ချစ်ရသူတွေနဲ့အတူ အမျိုးအစား ၁ ဆီးချိုရောဂါကို စီမံထိန်းညှိတာက သင့်ကို အထီးကျန်စိတ် ပိုနည်းစေနိုင်ပါတယ်။ သင်တို့တွေကြားမှာ ပိုရင်းနှီးစေပြီး ရှိထားပြီးသား သံယောဇဉ်တွေကိုလည်း ပိုခိုင်မာစေနိုင်ပါတယ်။

ဘယ်ဆက်ဆံရေးမှာမဆို ပွင့်လင်းတဲ့ ပုံမှန်ဆက်ဆံရေးရှိဖို့ အရေးကြီးပါတယ်။ ဒါမှ တစ်ဦးနဲ့တစ်ဦး အားပေးထောက်ပံ့နိုင်မှာပါ။

ဆက်ဆံရေးတွေအပေါ် အမျိုးအစား ၁ဆီးချိုရောဂါရဲ့ သက်ရောက်မှုတွေနဲ့ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို သတိထားခြင်းအားဖြင့် သင့်ရဲ့ဆက်ဆံရေးတွေမှာ အခက်ခဲဆုံးအချိန်ကာလတွေကို စီမံနိုင်ဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။

မိသားစုဆက်ဆံရေးတွေအပေါ် အမျိုးအစား ၁ဆီးချိုရောဂါရဲ့သက်ရောက်မှုများ

မွေးချင်းညီအစ်ကိုမောင်နှမ ပြိုင်ဆိုင်မှု

အမျိုးအစား ၁ဆီးချိုရောဂါက ဆက်ဆံရေးတွေ၊ အထူးသဖြင့် မွေးချင်းတွေကြားမှာ ဘယ်လိုသက်ရောက်မှုရှိသလဲ။ အမျိုးအစား ၁ ဆီးချိုရောဂါရှိနေလို့ ဆေးရုံသွားပြရတာတွေ၊ ကုသမှုခံယူရတာတွေကြောင့် သင်က မိဘတွေဆီကနေ ပိုဂရုစိုက်ခံရပါတယ်။ ဒါကြောင့်ပဲ သင့်ရဲ့ မွေးချင်းတွေက ပစ်ပယ်ခံရသလို ဒါမှမဟုတ် မပျော်ရွှင်သလို ခံစားရနိုင်ပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါကို ကောင်းကောင်းထိန်းညှိနိုင်ဖို့ သင်စားရမယ့်အရာတွေနဲ့ လုပ်ရမယ့်တခြားအရာတွေကို ကန့်သတ်တာလိုမျိုး မိသားစုဝင်တွေက ထိန်းချုပ်ကန့်သတ်တာတွေရှိနိုင်တာကြောင့် မမျှတသလို ခံစားရနိုင်ပါတယ်။ ဒါဟာ သင့်ကို ကျန်းမာပျော်ရွှင်စွာ နေထိုင်ရစေချင်တဲ့ ချစ်ခြင်းမေတ္တာကြောင့် ဆိုတာ သတိရပေးပါ။

အမျိုးအစား ၁ ဆီးချိုရောဂါ စီမံထိန်းညှိမှုမှာ သင့်ရဲ့မွေးချင်းတွေကို ပါဝင်ခိုင်းပြီး ဆေးရုံသွားတဲ့အခါ လိုက်ခိုင်းတာကို ပိုပျော်ဖို့ကောင်းပါလိမ့်မယ်။ အဲဒါက မိသားစုဆက်ဆံရေးတွေမှာ အမျိုးအစား ၁ဆီးချိုရောဂါရဲ့ သက်ရောက်မှုတွေကို လျော့နည်းစေနိုင်ပါတယ်။

သူတို့ကို HelloType1 ဝက်ဘ်ဆိုက်နဲ့ Facebook စာမျက်နှာကို မျှဝေလိုက်ပါ။ ဒါမှ အမျိုးအစား ၁ ဆီးချိုရောဂါအကြောင်းနဲ့ သင့်အပေါ် သက်ရောက်မှုကို သူတို့ပိုနားလည်နိုင်ပါလိမ့်မယ်။

ခွဲနေကြတဲ့ မိဘများ

မိဘတွေက ခွဲနေကြတယ်ဆိုရင် တစ်ယောက်ယောက်ကို လမ်းညွှန်ပေးဖို့ ခက်နိုင်ပါတယ်။ လက်တွေ့အရရော၊ စိတ်ခံစားချက်အရပါ စီမံထိန်းညှိဖို့ ခက်ခဲနိုင်ပါတယ်။

သင့်ရဲ့ သောက်သုံးရမယ့် ဆေးဝါးတွေ/ ဆီးချိုရောဂါ စီမံထိန်းညှိမှုပစ္စည်းတွေ အားလုံးကို သင်နဲ့အတူထားရှိဖို့ လိုပါတယ်။ နှစ်ဖက်စလုံးရဲ့ အိမ်တွေကို သွားတဲ့အခါ ဒါတွေကို သင်နဲ့အတူ ယူဆောင်သွားပါ။ ဒီအချက်ကို သင့်မိဘတွေက ကူညီပေးရပါလိမ့်မယ်။

သင့်မိဘတွေအနေနဲ့ မှန်ကန်တဲ့သတင်းအချက်အလက်တွေ သိရှိထားစေဖို့ သွေးတွင်းသကြားဓာတ် အဖြေများနဲ့ အင်ဆူလင်ပမာဏတွေကို ဒိုင်ယာရီမှာ စဉ်ဆက်မပြတ် ထည့်သွင်းထားရှိပါ။

အဘိုးအဘွားဆွေမျိုး မိသားစု

သင့်မှာ အမျိုးအစား ၁ ဆီးချိုရောဂါရှိနေတဲ့အခါ သင့်အဘိုးအဘွားတွေ၊ အန်တီ၊ ဦးလေးတို့တွေအနေနဲ့ စိတ်မကောင်းဖြစ်ပြီး စိတ်ပူပန်ကြမှာ သဘာဝပါပဲ။ ဒီအချက်က မိသားစုဆက်ဆံရေးတွေမှာ အမျိုးအစား ၁ဆီးချိုရောဂါကြောင့် ဖြစ်လာနိုင်တဲ့ မကောင်းတဲ့သက်ရောက်မှုတွေကို လျော့နည်းစေနိုင်ပါတယ်။

ဒီလိုမိသားစုဝင်တွေတချို့က၊ အထူးသဖြင့် မတူညီတဲ့ မျိုးဆက်/ယဉ်ကျေးမှုကလာတဲ့သူတွေဆိုရင် အမျိုးအစား ၁ ဆီးချိုရောဂါကဘာလဲ၊ ဘာကိုဆိုလိုတာလဲဆိုတာကို နားမလည်ဘဲ ရှုပ်ထွေးနိုင်ပါတယ်။

သူတို့ကို HelloType1 ဝက်ဘ်ဆိုက်နဲ့ Facebook စာမျက်နှာကို မျှဝေလိုက်ပါ။ ပြီးရင် အမျိုးအစား ၁ ဆီးချိုရောဂါကဘာလဲ၊ သင့်အတွက် ဘယ်လိုမျိုးလဲဆိုတာကို သူတို့ဖတ်ရှုနိုင် ဒါမှမဟုတ် နားထောင်နိုင်ပါတယ်။

တစ်ခါတစ်လေ လူတိုင်းကို အသိပညာပေးရတာ ပင်ပန်းလာပြီဆိုရင် ဒီအတွက် အထောက်အကူဖြစ်စေမယ့် HelloType1 ကို အသုံးပြုနိုင်ပါတယ်။

တခြားဆက်ဆံရေးတွေအပေါ် အမျိုးအစား ၁ဆီးချိုရောဂါရဲ့ သက်ရောက်မှုများ

ချစ်သူ ဆက်ဆံရေးများ

အမျိုးအစား ၁ ဆီးချိုရောဂါလို ကျန်းမာရေးအခြေအနေတစ်ခု ရှိနေတာက သင့်အတွက် ချိန်းတွေ့လို့မရ ဒါမှမဟုတ် ချစ်သူ ဆက်ဆံရေးတွေရှိလို့မရတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။

သင့်ရဲ့ ရောဂါအခြေအနေအကြောင်းကို သင့်ချစ်သူအပေါ် ရိုးရိုးသားသားပြောပြပါ၊ သင့်အတွက် လူရွေးမှန်မမှန်ကို သူတို့ရဲ့ တုံ့ပြန်မှုက ဖော်ပြပါလိမ့်မယ်။

အမျိုးအစား ၁ ဆီးချိုရောဂါအကြောင်းကို လေ့လာပြီး နားလည်ပေးနိုင်မယ့်သူကို ရှာပါ။ သူတို့က အမျိုးအစား ၁ ဆီးချိုရောဂါ စီမံထိန်းညှိမှုကို ကူညီပံ့ပိုးပေးနိုင်ပါတယ်။ ဒါဟာ ဆက်ဆံရေးတွေမှာ အမျိုးအစား ၁ဆီးချိုရောဂါရဲ့ သက်ရောက်မှု တွေကို စီမံထိန်းညှိတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

သင့်ရဲ့ဆေးရုံရက်ချိန်းတွေမှာ သူတို့ကိုပါ အတူခေါ်ပြီး သင့်ရဲ့အမျိုးအစား ၁ ဆီးချိုရောဂါ စီမံထိန်းညှိမှုမှာ ပါဝင်ကြစေဖို့ HelloType1 ဝက်ဘ်ဆိုက်နဲ့ Facebook စာမျက်နှာကို မျှဝေလိုက်ပါ။

သင်ဆန္ဒရှိမယ်ဆိုရင် လက်ထပ်လိုက်ပြီး လူတိုင်းလိုပဲ မိသားစုဘဝတစ်ခုကို စတင်နိုင်ပါတယ်။

မိတ်ဆွေသူငယ်ချင်းများ

အမျိုးအစား ၁ ဆီးချိုရောဂါရှိတာနဲ့ပဲ သင့်မှာသူငယ်ချင်းတွေ ထားလို့မရတော့တာ ဒါမှမဟုတ် လူမှုရေးပျော်ပွဲရွှင်ပွဲတွေနဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်လို့မရတော့တာ မဟုတ်ပါဘူး။

သူငယ်ချင်းတွေအပေါ် ရိုးသားဖို့ အရေးကြီးသလို သင့်မှာ အမျိုးအစား ၁ ဆီးချိုရောဂါ ရှိနေတဲ့အပေါ် သူတို့ရဲ့တုံ့ပြန်မှုက သူငယ်ချင်းကောင်း ဟုတ်မဟုတ်ကို ဖော်ပြပေးနိုင်ပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါ စီမံထိန်းညှိမှုအကြောင်း ရင်းနှီးတဲ့သူငယ်ချင်းတွေကို ပြောပြပါ။ သူတို့က သင့်ကို ကူညီပေးပြီး သင့်အတွက် သတိထားပေးနိုင်ပါတယ်။ သူတို့က နားလည်ပေးပြီး ထောက်ပံ့အားပေးသင့်ပါတယ်။

သူတို့ကို အမျိုးအစား ၁ ဆီးချိုရောဂါ စီမံထိန်းညှိမှုမှာ အသိပညာပေးပြီး ပါဝင်စေဖို့ HelloType1 ဝက်ဘ်ဆိုက်နဲ့ Facebook စာမျက်နှာကို မျှဝေလိုက်ပါ။

သင့်မှာ အမျိုးအစား ၁ ဆီးချိုရောဂါရှိနေပေမယ့်လည်း မိသားစု၊ သူငယ်ချင်းတွေ၊ ချစ်ရသူတွေနဲ့ ကျန်းမာပျော်ရွှင်ပြီး ချစ်ခင်တဲ့ ဆက်ဆံရေး ရှိနိုင်ပါသေးတယ်။

သင့်ရဲ့မိသားစု၊ သူငယ်ချင်းတွေ၊ ချစ်သူနဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေဆီက အကူအညီတောင်းပြီး ထောက်ပံ့မှုရယူဖို့ မမေ့ပါနဲ့။ ဒါမှ စိတ်ဖိစီးမှုလျော့စေပြီး ထမ်းပိုးရတဲ့ဝန်ကို ဝေမျှနိုင်မှာပါ။ သင် တစ်ယောက်တည်း မဟုတ်ပါဘူး။

Icon ရှင်းလင်းချက်