T1D အချက်အလက်

Icon

ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ

ကျွန်ုပ်တို့အကြောင်း

အမျိုးအစား ၁ ဆီးချိုရောဂါသည်တွေအနေနဲ့ မိမိတို့ရဲ့ ခံစားချက်တွေကို ကိုင်တွယ်ဖြေရှင်းခြင်း

တည်းဖြတ်ချက်များ 06.05.2026

Prof Cho Cho Win

Professor of Pediatrics at the 500-bedded Children’s Hospital, Naypyitaw, Myanmar

အမျိုးအစား ၁ ဆီးချိုရောဂါကို နားလည်သဘောပေါက်လက်ခံလာခြင်း

အမျိုးအစား ၁ ဆီးချိုရောဂါကြောင့် သင့်ကို ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်နိုင်ပါတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါရှိသူလူငယ်တွေဟာ သူတို့ရဲ့ အခြေအနေကို နေ့စဉ် စီမံခန့်ခွဲရခြင်းနဲ့ ရောဂါရဲ့ အနာဂတ်အပေါ် အကျိုးသက်ရောက်နိုင်ချေနဲ့ ပတ်သက်ပြီး စိုးရိမ်တတ်ကြပါတယ်။ ဆယ်ကျော်သက်လူငယ်တွေအတွက်တော့ ဒီအချိန်ဟာ မိဘတွေဆီကခွဲထွက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ကာ တက္ကသိုလ်၊ အလုပ် ဒါမှမဟုတ် မိသားစုထူထောင်ခြင်းစတဲ့ ဘဝရဲ့ နောက်ထပ်ခြေလှမ်းတစ်ခုကို စတင်ဖို့ သင်ယူ​နေရချိန်ဖြစ်ပါတယ်။

အခြားလူငယ်အများစုက မိမိလို စိန်ခေါ်မှုတွေကို နေ့စဉ်ရင်ဆိုင်ဖို့ မလိုအပ်ပဲ မိမိမှာရင်ဆိုင်ရတာ​ကြောင့် မိမိအ​ခြေအ​နေအ​ပေါ်ဝမ်းနည်းတာ၊ ဒေါသထွက်တာ၊ စိတ်ပျက်တတ်တာ သဘာဝပါ။ ဒါပေမယ့် ဆီးချိုကို မိမိကိုယ်တိုင် စနစ်တကျထိန်းချုပ်နိုင်လေ တခြားသာမာန်လူတွေလို ကျန်းကျန်းမာမာနေထိုင်နိုင်လေ ဖြစ်ပါတယ်။

တစ်ခါတလေမှာ ဒီအခက်အခဲတွေကို တစ်ယောက်တည်းရင်ဆိုင်ရတဲ့အခါ မိမိမှာ ဆီးချိုရောဂါမရှိတော့သလို ကိုယ့်ကိုကိုယ်ဟန်ဆောင်တတ်ကြပါတယ်။ ရောဂါရှိတာကို လက်မခံနိုင်ဘဲ စိတ်တိုဒေါသထွက်နေခြင်းက ရေရှည်အတွက်မကောင်းပါဘူး။ ဒါကြောင့် အကောင်းဆုံးနည်းလမ်းကတော့ မိမိမှာ ဆီးချိုရောဂါရှိတာကို လက်ခံပြီး ဆီးချိုနဲ့ သူငယ်ချင်း​တွေလိုအတူယှဉ်တွဲနေထိုင်ဖို့ပဲဖြစ်ပါတယ်။ မိမိရဲ့ရောဂါအကြောင်းကို မစဉ်းစားဘူး ဒါမှမဟုတ် ပြောဆို​ဆွေး​နွေးတာမျိုး​တွေမလုပ်ဘူးဆိုရင်တော့ အခြေအနေ ပိုဆိုးလာပါလိမ့်မယ်။

"ဒီတော့ ဆီးချိုနဲ့ မိတ်ဖွဲ့လိုက်ပါ။ မိမိရဲ့ ရောဂါကို စိတ်ဝင်တစားနဲ့ ဂရုစိုက်ပေးပါ။ မိမိရဲ့အရင်းနှီးဆုံးလူတွေနဲ့ ​နေ့စဥ်​​စကား​ပြောပါ။ ဒီလိုနဲ့ ဆီးချိုရောဂါအကြောင်းကို ပိုမိုနားလည်လာပြီး တတ်နိုင်သမျှ ဆီးချိုမတက်အောင် ဘယ်လိုထိန်းရမလဲဆိုတာကို သိရှိလာပါလိမ့်မယ်။

"

မိမိအနေနဲ့ မိဘတွေဆီက အကူအညီမယူလိုဘဲ ကိုယ့်အားကိုယ်ကိုးချင်လာတဲ့အချိန်မှာ​တောင် မိဘတွေကတော့ သင့်ကို ဂရုတစိုက်နဲ့ အမြဲစိတ်ပူနေမှာဆိုတာကို သင်သိထားသင့်ပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုအားကိုးရင်း လိုအပ်လာတဲ့အချိန်မှာ သူတို့ရဲ့အကူအညီရယူနိုင်ပါတယ်။ အမှီအခိုကင်းမှူနဲ့ အကူအညီရယူမှု နှစ်ခုလုံးက ဒွန်တွဲပြီးရှိ​နေနိုင်ပါတယ်။

မိမိရဲ့ စိတ်ခံစားချက်တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ?

အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတစ်ယောက်အနေနဲ့ လျှောက်လှမ်းရမယ့် ခရီးစဉ်ရဲ့ အဓိကခြေလှမ်းတစ်ခုကတော့ မိမိရဲ့ ရောဂါကို လက်ခံပြီး ရောဂါနဲ့အတူ လိုက်လျောညီထွေနေတတ်အောင် သင်ယူဖို့ပါ။ သင့်အနေနဲ့ ရောဂါကို တချိန်လုံးဆန့်ကျင်​တိုက်ခိုက်မ​နေပဲ ရောဂါနဲ့ယှဉ်တွဲနေထိုင်နိုင်အောင်သင်ယူမယ်ဆိုရင်တော့ သင့်စိတ်ထဲမှာ​နေရတာအရမ်းပိုပြီးအဆင်ပြေလာပါလိမ့်မယ်။

သင်ဟာ တစ်ယောက်တည်းမဟုတ်တဲ့အတွက် ပတ်ဝန်းကျင်မှာရှိတဲ့သူတွေဆီက လက်လှမ်းမီသမျှ အကူအညီအထောက်အပံ့တွေ သတင်းအချက်အလက်​တွေရယူလိုက်ပါ။ သင့်ရောဂါအ​ကြောင်းဟာ သင့်အ​ကြောင်းပါပဲ။

သင့်ရဲ့ စိတ်က အရာရာကို လွှမ်းမိုးပါတယ်။ သင့်ကို တားဆီးနေတဲ့ တစ်ခုတည်းသောအရာကတော့ သင်ကိုယ်တိုင်ပါပဲ။ သင်ဟာ သင်ထင်ထားတာထက် ပိုပြီးသန်မာတယ်ဆိုတာကို မမေ့လိုက်ပါနဲ့။ သင်ဟာအံ့သြစရာ​ကောင်းတာ​တွေကို​တောင်ဖြစ်​အောင်လုပ်နိုင်ပါတယ်၊ ဒါ​ပေမယ့်ကိုယ့်ကိုကိုယ်လုပ်ခွင့်ပြုဖို့​တော့လိုပါတယ်။ ခန္ဓာကိုယ်ဆိုတာ စိတ်​ဆောင်ရာ​နောက်ကိုအမြဲလိုက်ပါတယ်။

သင့်ရဲ့ ရောဂါအခြေအနေနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ ခက်ခဲ​နေတာမျိုး​တွေခံစားရနိုင်ပေမယ့် ဆီးချိုရောဂါကို ထိန်းချုပ်ဖို့ လိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေနဲ့ အကျွမ်းတဝင်ရှိပြီး ​ဒါ​တွေက မိမိအတွက် နေ့တဓူဝလုပ်ငန်း​တွေဖြစ်​နေရပါလိမ့်မယ်။ သင့်အနေနဲ့ ရောဂါအတွက် လုပ်ဆောင်ရတဲ့ ​နေ့စဥ်လုပ်ငန်း​ဆောင်တာ​တွေကလွဲရင်(တကယ်​တော့လည်း ​နေ့စဥ်သွားတိုက်သလိုမျိုးပါပဲ) သာမန်လူငယ်တစ်ဦးလိုပဲ ဘဝကို ဖြတ်သန်းနိုင်ပါတယ်။ ဒီ​နေ့စဥ်လုပ်ငန်း​လေးတွေကို ပို​အောင်မြင်​အောင်လုပ်နိုင်လေ၊ ရောဂါရဲ့ ဝန်ထုပ်ဝန်ပိုးလျော့နည်းလာလေဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေ နည်း​လေလေ ဖြစ်ပါတယ်။

ကိုယ့်အားကိုယ်ကိုးပါ။

အသက်ကြီးလာတာနဲ့အမျှ မိသားစုရဲ့အ‌ဝေးမှာ ပိုပြီးအမှီအခိုကင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်လာတဲ့အခါ သင့်ရဲ့ လျှောက်လှမ်းရမယ့်ဘဝအတွက်ရော၊ ဆီးချိုရောဂါအတွက်ပါ သင့်အနေနဲ့ အပြည့်အဝတာဝန်ရှိလာပါတယ်။ ဒီတော့ စိန်ခေါ်မှုအသစ်တိုင်းကို အချိန်ယူပြီး တစ်ဆင့်ချင်းစီလုပ်ဆောင်ပါ။ အရာရာကို ချက်ချင်းပြောင်းလဲပစ်ဖို့ မလွယ်တဲ့အတွက် အလျင်စလို လုပ်စရာလည်းမလိုပါဘူး။

ပတ်ဝန်းကျင်အသစ်တစ်ခုမှာ အလိုက်သင့်ပြုပြင်ပြောင်းလဲနေထိုင်နိုင်ခြင်းက မိမိခြေထောက်ပေါ်မိမိရပ်တည်‌စေနိုင်ပြီး တာဝန်သိတတ်တဲ့ အလေ့အကျင့်ကိုပါ ရရှိစေပါတယ်။

မိမိရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ပါ။

အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ အမြဲယှဉ်တွဲနေထိုင်နိုင်ဖို့က မလွယ်ကူတဲ့အတွက် တစ်ခါတရံမှာ စိတ်ဓာတ်ကျတတ်တာ သဘာဝပါ။

- စိတ်ကျဝေဒနာ

ဒါပေမယ့် ဒီစိတ်ခံစားချက်တွေ ပျောက်ကွယ်မသွားဘူးဆိုရင်တော့ သင့်မှာစိတ်ကျဝေဒနာစွဲကပ်လာနိုင်ပါတယ်။ စိတ်ကျဝေဒနာနဲ့ ဆီးချိုရောဂါ တွဲဖက်ဖြစ်ပွားနှုန်းက သင်ထင်တာထက် ပိုများပါတယ်။ ဆီးချိုရောဂါရှိသူတွေဟာ ဆီးချိုရောဂါမရှိတဲ့သူတွေထက် စိတ်ကျဝေဒနာဖြစ်နိုင်ချေ ၂ဆ ပိုများပါတယ်။

စိတ်ဓာတ်ကျလာတဲ့အခါ မျှော်လင့်ချက်မဲ့နေသလို ၊ ဘဝနဲ့ပတ်သက်ပြီး အကောင်းဘက်က မတွေးနိုင်‌တော့သလိုမျိုးတွေ ခံစားရနိုင်ပါတယ်။ လူတွေရဲ့အဝေးမှာ တစ်ယောက်တည်း သီးခြားနေလာပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ဒီလိုမျိုးခံစားရတာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ စိတ်ကျဝေဒနာလက္ခဏာ‌တွေ ခံစားနေရရင် သင့်မိသားစုနှင့် သင့်ဆရာဝန်ကို ချက်ချင်း​ပြောပြဖို့ အရေးကြီးပါတယ်။

- ‌ရောဂါမှ ရရှိသော စိတ်ဖိစီးမှု

ရောဂါကြောင့် တစ်ခါတလေမှာ စိတ်ရှုပ်ထွေးတာ၊ ဝမ်းနည်းတာ၊ စိုးရိမ်တာနဲ့ အပြစ်ရှိသလိုမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါ့အပြင် မကြာခဏဆိုသလို သွေးချိုကျမှာနဲ့ ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရမှာကိုလည်း ပူပန်တတ်ကြပါတယ်။ ဒါပေမယ့် ဒီခံစားချက်တွေ ပျောက်မသွားဘဲ တစ်နေ့ထက်တစ်နေ့ သင့်ကိုပိုပြီး စိတ်ဖိစီးစေမယ်ဆိုရင်တော့ ဒါနဲ့ပတ်သက်ပြီး တစ်ယောက်ယောက်ကို ပြောပြတိုင်ပင်ဖို့ အရေးကြီးပါတယ်။ ဒီလိုခံစားရတာမျိုးက သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကိုလည်း မမေ့လိုက်ပါနဲ့။

- စိတ်ခံစားမှုများနှင့် အစားအသောက်တို့၏ ဆက်နွယ်မှု

ဆီးချိုရောဂါကြောင့် စားတဲ့အစားအသောက်အပေါ် ပိုပြီးဂရုစိုက်ရတဲ့အခါ စိတ်ဖိစီးနိုင်ပါတယ်။ တချို့လူတွေဟာ စိတ်ဖိစီးမှုများတဲ့အခါ ပိုစားတတ်ကြပြီး စိတ်ဓာတ်ကျတဲ့အခါ လျှော့စားတတ်ကြပါတယ်။ ဒါ့အပြင် အမျိုးမျိုးသောအစားအစာတွေကလည်း သင့်ရဲ့ စိတ်ခံစားမှုအပေါ် သက်ရောက်မှုရှိနိုင်ပါသေးတယ်။

တစ်ခါတရံမှာတော့ စားလိုက်တဲ့ အစားအစာကြောင့် ကိုယ်အလေးချိန်အပြောင်းအလဲဖြစ်မှာကို စိတ်ပူလာတဲ့အခါ စားသောက်ပုံမူမမှန်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါဟာ အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေမှာပါ ဖြစ်ပေါ်လာနိုင်တဲ့ အရေးကြီးပြဿနာတစ်ခုဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ သင့်ရဲ့စားသောက်မှုပုံစံနဲ့ ပတ်သက်ပြီး သံသယရှိလာခဲ့ရင်တော့ ဆီးချိုရောဂါစောင့်ရှောက်ရေးအဖွဲ့ကို ဆက်သွယ်ကာ အကူအညီရယူဖို့ အရေးကြီးပါတယ်။

အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ပါ။

အမျိုးအစား ၁ ဆီးချိုရောဂါကနေ ရောဂါရဲ့ အနိမ့်အမြင့် အတက်အကျတွေအတွက် မိမိစိတ်ကို ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ အသားကျနေတဲ့ ရောဂါသည်တွေမှာတောင် အခက်အခဲ အနည်းငယ် ရှိနိုင်ပါတယ်။ ဥပမာ- ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာနေပေမယ့် သွေးတွင်းသကြားဓာတ်တွေက နိမ့်လွန်း၊ မြင့်လွန်းနေတာမျိုးပေါ့။

ဒီတော့ စိတ်ရှည်ရှည်နဲ့ ဆီးချိုရောဂါသည်တစ်ဦး လျှောက်လှမ်းရတဲ့လမ်းမှာ ကြုံတွေ့လာနိုင်တဲ့ ကောင်းတဲ့အရာလေးတွေကို မြင်အောင်ကြည့်တတ်ဖို့ ကြိုးစားပါ။ (ဥပမာ- ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာတာ၊ ပိုပြီးရဲရင့်လာတာနဲ့ မိမိရဲ့သင်ယူမှု​တွေ​ကြောင့်ပြောင်းလဲတိုးတက်မှုတိုင်းအတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူတာ စသဖြင့်)

အပြုသဘောဆောင်တဲ့ခံစားချက်တွေဟာ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ သင့်အနေနဲ့ ဆီးချိုရောဂါနဲ့ လိုက်လျောညီထွေနေတတ်လာတဲ့အခါ သင့်ကိုယ်သင် ပိုပြီးယုံကြည်မှုရှိလာမယ်၊ ပိုပြီးဆုံးဖြတ်ချက်ခိုင်မာလာမယ်၊ ​မျှော်လင့်ချက်ရှိတယ်လို့ခံစားလာရမယ်၊ ကူညီမြှင့်တင်​ပေးခံရတယ်၊ သက်​တောင့်သက်သာရှိလာတယ်လို့ခံစားလာရပါမယ်၊ ပြီးရင် နေရတာလည်း ပိုပြီးပျော်စရာကောင်းလာပါလိမ့်မယ်။

အချိန်ကြာလာတာနဲ့အမျှ သင်ဟာ သင့်စိတ်ခံစားချက်တွေကို နားလည်သဘောပေါက်ပြီး ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ဖြေရှင်းနိုင်လာပါလိမ့်မယ်။ တကယ်တော့ ဆီးချိုရောဂါရှိခြင်းက သင့်ကို တခြားလူငယ်တွေတောင် မလုပ်နိုင်တဲ့ ဘဝရဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ဖြတ်ကျော်နိုင်တဲ့နည်းလမ်း​တွေကို သင်ကြားပေးပါတယ်။ ဒီဆောင်းပါးကနေ သင့်အတွက်တစ်ခုတည်းသော အချက်အလက်ကို​ပေးပါဆိုရင် ဆယ်ကျော်သက်အရွယ်ဟာ အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတိုင်းအတွက် အရေးကြီးဆုံးကာလဖြစ်တယ်ဆိုတာပါပဲ။

ဆယ်ကျော်သက်အရွယ်ဟာ ကိုယ်ခန္ဓာအတွက် အပြောင်းအလဲများစွာဖြစ်တဲ့အချိန် ဖြစ်ရုံသာမက နောင်တစ်ချိန်မှာ ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ဖို့ သွေးတွင်းအချိုဓာတ်ကို အသေအချာ ထိန်းချုပ်ရမယ့်အချိန်လည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကြောက်မသွားပါနဲ့။ သင့်မှာ ဆီးချိုရှိတာကို လက်ခံပြီး ‌သွေးတွင်းသကြားဓာတ်တွေကို ထိန်းညှိဖို့ သင်တတ်နိုင်သမျှ လုပ်ဆောင်ပါ။ ဒါငါတို့ လုပ်နိုင်တဲ့အရာအားလုံးပဲ။ သင့်ကို ရပ်တန့်စေတဲ့ တစ်ခုတည်းသောအရာက သင်ကိုယ်တိုင်ပဲဆိုတာကို​တော့ မမေ့လိုက်ပါနဲ့။

Icon ရှင်းလင်းချက်