T1D အချက်အလက်

Icon

ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ

ကျွန်ုပ်တို့အကြောင်း

အမျိုးအစား ၁ ဆီးချိုရောဂါကို နားလည်သဘောပေါက်ခြင်း

တည်းဖြတ်ချက်များ 06.05.2026

Prof Cho Cho Win

Professor of Pediatrics at the 500-bedded Children’s Hospital, Naypyitaw, Myanmar

အမျိုးအစား ၁ ဆီးချိုရောဂါဆိုတာ ဘာလဲ?

အမျိုးအစား ၁ ဆီးချိုရောဂါဆိုတာ ခန္ဓာကိုယ်ရဲ့ ဂလူးကို့စ်သုံးစွဲခြင်းကို ထိခိုက်စေတဲ့ရောဂါဖြစ်ပါတယ်။ ဂလူးကို့စ် (သကြားဓာတ်)ဟာ ခန္ဓာကိုယ်အတွက် အဓိကစွမ်းအင်အရင်းအမြစ်ဖြစ်လို့ ခန္ဓာကိုယ်ပုံမှန်လည်ပတ်နိုင်ဖို့ ဂလူးကို့စ်လိုအပ်ပါတယ်။

ခန္ဓာကိုယ်က ဘယ်လိုပုံမျိုးနဲ့အလုပ်လုပ်​နေတာလဲ?

ပုံမှန်အားဖြင့် အစာစားတဲ့အခါ အစားအစာထဲမှာပါတဲ့ ဂလူးကို့စ်က သွေးထဲကိုရောက်သွားပါတယ်။အဲဒီအခါ မုန့်ချိုအိတ်(ပန်ကရိယ)က အင်ဆူလင်လို့ခေါ်တဲ့ ဟော်မုန်းကိုထုတ်ပေးကာ ဂလူးကို့စ်ကို ဆဲလ်တွေထဲရောက်အောင် ကူညီပေးပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ရရှိစေပါတယ်။

ဒါပေမယ့် အမျိုးအစား ၁ ဆီးချိုရောဂါရှိနေတဲ့ လူတစ်‌ယောက်မှာတော့ ခန္ဓာကိုယ်က အင်ဆူလင်ကို လုံးဝမထုတ်လုပ်နိုင်တာ ဒါမှမဟုတ် လုံလောက်အောင်မထုတ်လုပ်နိုင်တာမျိုးဖြစ်လာပါတယ်။ အင်ဆူလင်မရှိရင် အစာကရရှိတဲ့ ဂလူးကို့စ်တွေဟာ ဆဲလ်ထဲကိုမဝင်နိုင်ဘဲ အချိန်ကြာလာတာနဲ့အမျှ သွေးထဲမှာ စုပုံလာပါတယ်။ ​သွေးထဲမှာ ဂလူးကို့စ်အချိုဓါတ်​တွေအများအပြားရှိ​နေပြီး သင့်​တော်တဲ့ကုသမှုမခံယူရင် လူကို​နေမ​ကောင်းဖြစ်​စေပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါရဲ့ လက္ခဏာတွေကဘာတွေလဲ?

ဆီးချိုရောဂါရှိတဲ့သူတွေမှာ အများအားဖြင့် အောက်ပါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

"-ဆီးသွားများခြင်း ( ပိုလျှံနေသော သကြားဓာတ်များကို ခန္ဓာကိုယ်မှ စွန့်ထုတ်ရန် ကြိုးစားရ၍ )"

-ရေသောက်များခြင်း ( ဆီးသွားများ၍ )

- အစားပိုစားလာခြင်း ( အစာမှရရှိသောစွမ်းအင်ကို ခန္ဓာကိုယ်က အသုံးမပြုနိုင်၍ ခန္ဓာကိုယ်ကစွမ်းအင်လိုအပ်​နေ​သော​​ကြောင့် )

-ကိုယ်အလေးချိန် ကျဆင်းခြင်း ( ခန္ဓာကိုယ်အတွက် လိုအပ်သောစွမ်းအင်ကို ဂလူကို့စ် ​ခေါ် သကြားဓါတ်မှမရ​သော​ကြောင့် အဆီနှင့် ကြွက်သားတို့မှ ထုတ်ယူသုံးစွဲရ၍ )

-ပင်ပန်းနုံးချိခြင်း ( သကြားဓါတ်က ခန္ဓာကိုယ်အတွက် လိုအပ်သောစွမ်းအင်ကို မ​ပေးနိုင်တော့၍)

အခြားသော လက္ခဏာတွေအနေနဲ့

-အသက်ရှူရာတွင် သစ်သီးနံ့ကဲ့သို့ စိမ်းရွှင်ရွှင်အနံ့ထွက်ခြင်း

-အမြင်အာရုံ​ဝေဝါးခြင်း"

-ဗိုက်နာခြင်း"

-ပျို့ခြင်း၊ အန်ခြင်း

-သတိလစ်ခြင်း

-အသက်ရှူမြန်ခြင်း/အသက်ကိုရှိုက်၍ရှုရခြင်း တို့ကို ခံစားရနိုင်ပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါအတွက် ထိရောက်တဲ့ကုသမှုက ဘာတွေလဲ?

"အင်ဆူလင်ထိုးဆေးမှာ အမျိုးအစား ၁ ဆီးချိုရောဂါအတွက် တစ်ခုတည်းသောကုသမှုဖြစ်ပါတယ်။ ခန္ဓာကိုယ်မှ မထုတ်နိုင်သော အင်ဆူလင်ကို ခန္ဓာကိုယ်အပြင်မှထိုး​ပေးခြင်းဖြစ်ပါသည်။ ဒါ့အပြင် သွေးအချိုဓာတ်ကိုပုံမှန်စစ်ဆေးခြင်း၊ အစာကို စနစ်တကျစားသုံးခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းတို့ကလည်း ရောဂါကိုထိန်းချုပ်ရာမှာ အရေးကြီးပါတယ်။"

အမျိုးအစား ၁ ဆီးချိုရောဂါ ဘယ်လိုစတင်ဖြစ်ပွားသလဲ?

အမျိုးအစား ၁ ဆီးချိုရောဂါဖြစ်စေတဲ့ အကြောင်းရင်းကို တိတိကျကျမသိရသေးပေမယ့် သိပ္ပံပညာရှင်တွေကတော့ မျိုးရိုးလိုက်ခြင်းအပါအဝင် ရောဂါပိုမိုဖြစ်ပွားနိုင်ချေအချို့ကို ဖော်ပြထားပါတယ်။

ဆီးချိုဟာ ရောဂါရှိပြီးသားသူတွေကနေ မကူးစက်နိုင်ပါဘူး။ ကာကွယ်နိုင်မယ့်နည်းလမ်းလည်း မရှိသေးပါဘူး။

အမျိုးအစား ၁ ဆီးချိုရောဂါကြောင့် သင့်ရဲ့နေ့စဉ်ဘဝမှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနိုင်လဲ?

အမျိုးအစား ၁ ဆီးချို​ရောဂါရှိသူများဟာ ထိရောက်တဲ့ကုသမှုနဲ့ဆိုရင် သာမန်လူတွေလိုပဲ သက်တမ်းရှည်စွာနေထိုင်နိုင်ပြီး ပုံမှန်လုပ်ငန်းဆောင်တာတွေဖြစ်တဲ့-

-ရုံး/ကျောင်းတက်ခြင်း

-အားကစားလုပ်ခြင်း

-အလုပ်လုပ်ခြင်း

-အိမ်ထောင်ပြု၍ သာယာသောဘဝ ထူထောင်ခြင်း အစရှိတာတွေကို ပုံမှန်အတိုင်းဆောင်ရွက်နိုင်ကြပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ ပတ်သက်တဲ့ ဉာဏ်စမ်းမေးခွန်းတွေကို အခုပဲ ဖြေဆိုလိုက်ပါ။

Icon ရှင်းလင်းချက်