T1D အချက်အလက်

Icon

ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ

ကျွန်ုပ်တို့အကြောင်း

Tong ရဲ့ ခွန်အားရှိမှုနဲ့ အကောင်းမြင်စိတ် အကြောင်း

တည်းဖြတ်ချက်များ 06.05.2026

Anne-Charlotte Ficheroulle

Pharmacist, Education Manager, A4D

Tanapol Sukarin သို့မဟုတ် သူငယ်ချင်းတွေက ရင်းရင်းနှီးနှီးခေါ်ကြတဲ့ Tong နဲ့ တွေ့လိုက်ရအောင်။ အသက်နှစ်နှစ်အရွယ်မှာ အမျိုးအစား ၁ ဆီးချိုရောဂါ (T1D) တွေ့ရှိခဲ့တဲ့ Tong ဟာ စိန်ခေါ်မှုအခက်အခဲများစွာ ကြုံခဲ့ရနိုင်လောက်တဲ့ ရောဂါကို ကိုင်တွယ်စီမံရင်း သူ့ဘဝရဲ့အချိန်အများစုကို ဖြတ်ကျော်လာခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ Tong က အကောင်းမြင်စိတ်တွေ၊ ရွှင်လန်းတက်ကြွမှုတွေအပြည့်နဲ့ပါ။ သူ့အတွက်တော့ ဆီးချိုရောဂါ က ဝန်ထုပ်ဝန်ပိုးတစ်ခု မဟုတ်ပါဘူး—သူ့ရဲ့နေ့စဉ်ဘဝမှာ တစ်စိတ်တစ်ပိုင်းဖြစ်နေရုံလောက်ပဲဖြစ်ပြီး မိသားစု၊ သူငယ်ချင်းတွေနဲ့ ဆရာဝန်တွေရဲ့ အမြဲမပြတ် ထောက်ပံ့ကူညီမှုကြောင့် ပိုမိုလွယ်ကူနေပါတယ်။

Tong အသက် ခုနစ်နှစ်လောက်တည်းက ဆီးချိုရောဂါနဲ့နေထိုင်ခြင်း ဆိုတာကို နားလည်ခဲ့တယ်။ တစ်ယောက်တည်းဖြစ်တဲ့ ခံစားချက်ရော၊ ရှက်ရွံ့စိတ်ရော ဖြစ်ရမယ့်အစား သူက T1D ကို ဘဝအစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံခဲ့ပါတယ်။ တ့ခြားကလေးတွေက အခြေခံတာဝန်ဝတ္တရားတွေကို သင်ယူနေခဲ့ချိန်မှာ Tong က အတန်းဖော်တွေရှေ့မှာ ယုံကြည်ချက်ရှိရှိ အင်ဆူလင်ထိုးရဲခဲ့ပါတယ်။ သူက သူအကူအညီလိုအပ်တဲ့အခြေအနေမျိုးမှာ အင်ဆူလင် ဘယ်လိုထိုးရမလဲဆိုတာကိုပါ သူငယ်ချင်းတွေကို သင်ပြပေးခဲ့ပါသေးတယ်။ “ဒါက ဖုံးကွယ်နေစရာ မဟုတ်ဘူးလို့ မြင်ပါတယ်။ T1D က ကျွန်တော်သိတတ်တဲ့အရွယ်တည်းက ကျွန်တော်နဲ့အတူ ရှိနေပါတယ်—ကျွန်တော်ဆိုတာရဲ့အစိတ်အပိုင်းပါပဲ”လို့ သူကဆိုပါတယ်။

ဒီလိုအကောင်းမြင်ထားလို့ပဲ သူ့ရဲ့ကျန်းမာရေးကိုတင်မကဘဲ သူ့ရဲ့စိတ်ကူးအိပ်မက်တွေကို အာရုံစိုက်လို့ရနိုင်တာပါ။ Tong ဟာ လက်ရှိမှာ လူ့ယဉ်ကျေးမှုနဲ့လူ့အဖွဲ့အစည်းဆိုင်ရာဘာသာကို လေ့လာတက်ရောက်လျက်ရှိပြီး အင်္ဂလိပ်စာအဓိက ယူထားပါတယ်။ သူက လွတ်လပ်ခွင့်နဲ့ စိတ်ချမ်းသာမှုပေးနိုင်မယ့် အလုပ်အကိုင်လမ်းကြောင်းတစ်ခုကို တည်ဆောက်ပြီး သူ့ဘဝသူ့ပုံစံနဲ့ နေထိုင်ခွင့်ရဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။

ဒါပေမဲ့ Tong ရဲ့အကြောင်းက T1D နဲ့နေထိုင်ခြင်းအတွက်ချည်းပဲ မဟုတ်ပါဘူး။ သူက ဆီးချိုရောဂါ နဲ့မသက်ဆိုင်တဲ့ မျိုးဗီဇဆိုင်ရာရောဂါအခြေအနေတစ်မျိုးဖြစ်တဲ့ သွေးကြောပိတ် လေဖြတ်ခြင်းလည်း ဖြစ်နေခဲ့တာပါ။ ကျန်းမာရေးပြဿနာနှစ်မျိုးကို ရင်ဆိုင်နေရခြင်းက လူအများစုကို စိတ်ထိခိုက်စေနိုင်ပေမဲ့ Tong ကတော့ အကောင်းမြင်စိတ်နဲ့ပဲ နှစ်မျိုးစလုံးကို ချဉ်းကပ်ခဲ့သူ ဖြစ်ပါတယ်။

Tong ရဲ့ဘဝမှာ သူ့ကိုယ်သူ သူများနဲ့ကွဲပြားခြားနားနေတယ်လို့ ဘယ်တော့မှ မခံစားရအောင် ထားပေးခဲ့တဲ့ မိဘတွေ၊ ဆရာဝန်တွေနဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်နေပါတယ်။ သူတို့က သူ့ကို ကျန်းမာရေးအခြေအနေအတွက်တင် မဟုတ်ဘဲ အရှိအတိုင်း ရှုမြင်ပေးခဲ့ကြသူတွေပါ။

T1D နဲ့နေထိုင်ခြင်း က Tong ကို သွေးတွင်းသကြားဓာတ် စစ်ဆေးနည်အပြင် သူ့ရဲ့အကျင့်စရိုက်ကိုပါ ပုံသွင်း သင်ကြားပေးခဲ့ပါတယ်။ ပုံမှန်အခြေအနေ ထိန်းသိမ်းထားဖို့က ဘယ်လောက်အရေးကြီးကြောင်းကို သူနားလည်လာတယ်၊ ဆေးတစ်ကြိမ် မေ့လျော့သွားတာ ဒါမှမဟုတ် ကျန်းမာရေးဂရုမစိုက်တာက ဆိုးရွားတဲ့ပြဿနာတွေ ဖြစ်လာစေနိုင်တာကို သူသိလာပါတယ်။ ဒီလိုတာဝန်ယူတတ်မှုက သူ့ကျန်းမာရေးတင်မကဘဲ သူ့ရဲ့ပညာလေ့လာမှု၊ သူငယ်ချင်းဆက်ဆံရေးတွေနဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို စီမံခန့်ခွဲတဲ့နေရာမှာ သက်ရောက်နိုင်ပါတယ်။

“T1D က ကျွန်တော့ကို ပိုစည်းကမ်းရှိအောင် သင်ပေးခဲ့တယ်။” Tong ကပြန်ပြောပြပါတယ်။ “ကိုယ့်ကျန်းမာရေးကို တာဝန်ယူမှုရှိတာက ကျန်တဲ့ဘဝအစိတ်အပိုင်းတွေအပေါ်လည်း သက်ရောက်ပါတယ်။ မလွယ်ကူဘူးဆိုပေမဲ့ ပုံမှန်ဘဝမှာနေထိုင်နိုင်ပြီး ကိုယ့်စိတ်ကူးအိပ်မက်တွေနောက် လိုက်နိုင်တယ်ဆိုတာ သိပါတယ်။”

သူ့ရဲ့အတွေ့အကြုံတွေအရ Tong က တခြားသူတွေ၊ အထူးသဖြင့် T1D ရှိတဲ့ လူငယ်တွေကို ရောဂါထက် ကျော်လွန်ပြီး မြင်တတ်ဖို့ အားပေးချင်တာပါ။ သူပေးချင်တဲ့မက်ဆေ့ချ်က ရှင်းပါတယ်-“သက်တမ်းစေ့နေထိုင်ပြီး ကိုယ့်စိတ်ကူးအိပ်မက်တွေဆီကို အရောက်သွားနိုင်ပါတယ်။ အကောင်းမြင်စိတ်ထားပါ၊ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ၊ ကိုယ့်ကို ထောက်ပံ့ကူညီပေးတဲ့သူတွေအနားမှာ နေပါ။”

သူက ကိုယ့်ကိုယ်ကို ကြင်နာညှာတာပြီး စိတ်ရှည်ဖို့အကြောင်းကိုလည်း ပြောပါတယ်။ “ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ နှိုင်းယှဉ်တာက ဖွံ့ဖြိုးလာဖို့ အထောက်အကူမဖြစ်စေဘူးဆိုတာ သတိရပါ။ တစ်ယောက်ယောက်က တစ်ခုခုကို အောင်မြင်သွားတယ်ဆိုတာနဲ့ပဲ ဒါကို ကျွန်တော်တို့က မလုပ်နိုင်ဘူးလို့ မဆိုလိုပါဘူး။ လူတိုင်းရဲ့ ဘဝခရီးလမ်းက ထူးခြားသလို စိန်ခေါ်မှုတွေလည်း တကယ်ကြုံရတတ်ပါတယ်။ ကျွန်တော်တို့က အကောင်းဆုံး ကြိုးစားရုံပါပဲ။ နားဖို့လိုရင် နားလိုက်၊ အသင့်ဖြစ်ရင် ဆက်လျှောက်လိုက်ပါ။ ရပ်တော့မနေပါနဲ့—ရှေ့ကို ဆက်လျှောက်ပါ၊ ဆက်လုပ်ပါ။ ”

T1D သို့မဟုတ် တခြားကျန်းမာရေးအခြေအနေတစ်ခုခုက လူတစ်ယောက်ရဲ့ အောင်မြင်နိုင်စွမ်းကို အဆုံးအဖြတ်မပေးနိုင်ဘူးဆိုတာ Tong ရဲ့အကြောင်းက ခိုင်ခိုင်မာမာ သတိပေးနေပါတယ်။ အကောင်းမြင်စိတ်၊ ထောက်ပံ့ကူညီမှုကောင်းကောင်းနဲ့ ရှေ့ဆက်သွားဖို့ စိတ်ဓာတ်ကြံ့ခိုင်မှုတို့နဲ့သာဆိုရင် ဘဝမှာ ပျော်ရွှင်မှု၊ အခွင့်အလမ်းတွေနဲ့ အောင်မြင်မှုတွေ ပြည့်ဝနေနိုင်ပါတယ်။

Icon ရှင်းလင်းချက်